ဆွီဒင်တစ်နှစ်တာ အကောင်းဆုံး ဘောလုံးသမားဆုကို အီဗရာဟီမိုဗစ် ၁၀ နှစ်ဆက်တိုက် ၁၁ ကြိမ်မြောက်ရရှိ

၂၀၁၆ ခုနှစ်အတွက် ဆွီဒင်တစ်နှစ်တာအကောင်းဆုံး ဘောလုံးသမားဆုကို မန်ယူတိုက်စစ်မှူး အီဗရာဟီမိုဗစ်က ၁၀ နှစ်ဆက်တိုက် စံချိန်တင် ဆွတ်ခူးရရှိသွားခဲ့သည်။ ယခုဆုမှာ မိုဗစ်အတွက် ၁၁ ကြိမ်မြောက် ရရှိသည့်ဆု ဖြစ်သည်။

new-picture

မိုဗစ်မှာ ၂၀၀၅ ခုနှစ်က ထိုဆုကို ပထမဆုံးရခဲ့ပြီး ၂၀၀၆ ခုနှစ်တစ်နှစ်သာ မရခဲ့ဘဲ ၂၀၀၇ မှ စတင်ကာ ၂၀၁၆ အထိ ဆက်တိုက် ရရှိခဲ့ခြင်းဖြစ်သည်။

ဆွီဒင်နိုင်ငံ စတော့ဟုမ်းမြို့တွင် ကျင်းပခဲ့သည့် ဆုပေးပွဲအခမ်းအနားတွင် မိုဗစ်က တစ်နှစ်တာအကောင်းဆုံး ဘောလုံးသမားဆုနှင့် အထူးဂုဏ်ပြုဆု(၂.၇ မီတာအမြင့်ရှိရုပ်တု)တို့ကို လက်ခံရယူခဲ့သည်။

အသက် ၃၆ နှစ်အရွယ်ရှိပြီဖြစ်သည့် မိုဗစ်သည် ဆွီဒင်လက်ရွေးစင်အသင်းအတွက် ၁၁၄ ပွဲကစားပြီး ၆၂ ဂိုး သွင်းယူပေးနိုင်ခဲ့ကာ ယူရို ၂၀၁၆ ပြိုင်ပွဲအပြီးတွင် လက်ရွေးစင်ကစားသမားဘ၀မှ အနားယူခဲ့သူ ဖြစ်သည်။

သူ၏ ပရော်ဖက်ရှင်နယ်ကစားသမားဘ၀ သက်တမ်းတစ်လျှောက်တွင် ဟော်လန်လိဂ်ဖလား ၂ လုံး၊ လာလီဂါ ဖလားတစ်လုံး၊ စီးရီးအေဆုဖလား ၄ လုံး၊ ပြင်သစ်လိဂ်ဖလား ၄ လုံး၊ ဖီဖာကမ္ဘာ့ ကလပ်ဖလား  အပြင် ယူအီးအက်ဖ်အေစူပါဖလားတို့ကို ရယူနိုင်ခဲ့သည်။

ယခုကဲ့သို့ ဆုရခြင်းမှာ လွန်ခဲ့သည့် ၁၅ နှစ်အတွင်း နိုင်ငံအသင်းနှင့်ကလပ်အသင်းအတွက် ပြင်းပြင်းထန်ထန် ကြိုးစားပြီး ကစားခဲ့ခြင်းကြောင့် ဂုဏ်ပြုခြင်းဟု မှတ်ယူကြောင်းနှင့် ထိုမှတ်တမ်းများမှာ မိမိသေသွားသည့် အချိန် တွင် ထာဝရတည်ရှိနေမည်ဖြစ်ကြောင်း မိုဗစ်က ပြောဆိုသွားခဲ့သည်။

Ref; Daily Mail


Leave a Reply