ရေစကြိုမြို့နယ် ပြည်ခိုင်ဖြိုးပါတီ တောင်သူလယ်သမားရေးရာကော်မတီမှ မြေအသုံးချခြင်းနှင့် စိုက်ပျိုးရေးဆိုင်ရာ အသိပညာပေး ရှင်းလင်း

မကွေးတိုင်းဒေသကြီး ရေစကြိုမြို့နယ်​ ​ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ကြီးကြပ်မှုဖြင့် ​မြေအသုံးချမှုနှင့် စိုက်ပျိုးရေးဆိုင်ရာ အသိပညာပေးရှင်းလင်းခြင်းကို နိုဝင်ဘာ (၁၄) ရက် နံနက် (၁၀) နာရီအချိန်မှ (၁၂) နာရီ အချိန်အထိ မြို့နယ်ပါတီရုံး၌ ကျင်းပပြုလုပ်ခဲ့သည်။

ray-sa-kyo1

ရှင်းလင်းပွဲတွင် တောင်သူလယ်သမားရေးရာတာဝန်ခံ မြို့နယ်ပါတီကော်မတီဝင် ဦးအောင်ဌေးနှင့် မြို့နယ်စိုက်ပျိုး ရေးဦးစီးဌာန ဦးစီးမှူး (ငြိမ်း) ဦးလှထူးတို့မှ မြေဆီလွှာ စမ်းသပ်မှုနှင့် ပတ်သက်၍ မြေ၏အချို/အငံညွှန်းကိန်း (PH) နှင့် မြေကြီးတွင် ပါဝင်သော (N2) (K) (PH) ပါဝင်မှု အနည်းအများသိရှိစေရန် ဓာတ်ခွဲစမ်းသပ်မှုများ ရှင်းလင်းခြင်း၊ စိုက်ပျိုးရေး ဆိုင်ရာအခြေခံနှင့် ပတ်သက်၍ သဘာဝမြေသြဇာပြုလုပ်နည်း၊ နွားချေးများ စနစ်တကျသိုလှောင်ပြီး သဘာဝဓာတ်မြေသြဇာအဖြစ် အသုံးပြုတတ်ရန်နှင့် သီးနှံပိုးမွှား ကာကွယ်ဆေး အသုံးပြုနည်းများ ရှင်း လင်းခြင်းတို့ကို ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါဆွေးနွေးပွဲသို့ ရပ်/ကျေးအုပ်စု (၈၉) အုပ်စုမှ ပါတီစည်းရုံးရေးမှူးများ တက်ရောက်ခဲ့ကြပြီး မြို့နယ် တောင်သူလယ်သမားရေးရာကော်မတီအနေဖြင့် ကျေးရွာများအထိ ကွင်းဆင်း၍ အသိပညာပေးမှုများ ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။


Leave a Reply