ငလျင်ဒဏ်သင့် ပုဂံစေတီပုထိုးများဆိုင်ရာ ယူနက်စကို၏ အစီရင်ခံစာ ယခုလကုန်ထွက်ရှိမည်

13081804_1136480829709399_320826700_n

ကုလသမဂ္ဂ ပညာရေးသိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့ (ယူနက်စကို) က စစ်ဆေးမှုများပြုလုပ်ထားသော ငလျင်ဒဏ်သင့် ရှေးဟောင်းပုဂံမြို့ရှိ စေတီပုထိုးများ၏ အစီရင်ခံစာကို စက်တင်ဘာလကုန်တွင် အစိုးရထံတင်ပြမည်ဖြစ်ကြောင်း ယူနက်စကို၏ ယဉ်ကျေးမှုဌာနအစီအစဉ် ညှိနှိုင်းရေးမှူး ဒေါ်ဥမ္မာမျိုးက ပြောသည်။

‘‘ယူနက်စကိုက စစ်ဆေးထားတဲ့ အစီရင်ခံစာကို ဒီလကုန်ပိုင်းလောက် နောက်တစ်ပတ်လောက်မှာ အစိုးရကို တင်ပြမှာဖြစ်တယ်။ ပြည်ထောင်စုဝန်ကြီး (သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီး)ထံ တင်ပြမှာပေါ့’’ ဟု ဒေါ်ဥမ္မာမျိုး က 7Day Daily သတင်းစာအားပြောသည်။

ယူနက်စကိုမှ ပညာရှင်များသည် ပုဂံငလျင်လှုပ်ခတ်ပြီး နောက်တစ်ရက် ဖြစ်သည့် သြဂုတ် ၂၅ ရက်တွင် ပုဂံမြို့သို့ ရောက်ရှိလာပြီး လက်ရှိအထိ စစ်ဆေးမှုများ ပြုလုပ်နေသည်။ ထို့ပြင် ၁၉၇၅ ပုဂံငလျင် လှုပ်ခတ်စဉ်က ပုဂံမြို့ရှိ စေတီပုထိုးများအား လာရောက်စစ်ဆေးခဲ့သော ယူနက်စကိုမှ ၀ါရင့်ဗိသုကာပညာရှင် Mr.Pieriepi Pichart သည် ပုဂံမြို့သို့ ရောက်ရှိနေပြီး ၎င်းစစ်ဆေးမှုများပြုလုပ်ထားသည့် အစီရင်ခံစာကို စက်တင်ဘာ ၂၆ ရက်တွင် အစိုးရထံ တင်ပြမည်ဖြစ်ကြောင်း ဒေါ်ဥမ္မာ မျိုးက ပြောသည်။

ငလျင်လှုပ်ခတ်မှုကြောင့် ပျက်စီးသွားသော စေတီပုထိုးများကို အစိုးရနှင့် ပြည်သူများ၏ လတ်တလော ဆောင်ရွက်ထားမှုများမှာ ကောင်းမွန်ကြောင်း ယူနက်စကိုမှ ပညာရှင်မစ္စတာကိုင်းဝှိုက်ဇ်က 7Day News အား ပြောကြားထားသည်။

စက်တင်ဘာ ၂၀ ရက်က နယူးယောက်မြို့သို့ ရောက်ရှိနေသော နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်သည် ယူနက်စကို ညွှန်ကြားရေးမှူးချုပ် Ms.Irina Bokova နှင့်တွေ့ဆုံပြီး ပုဂံဒေသရှိ စေတီပုထိုးများနှင့် ပတ်သက်၍ ဆွေးနွေးခဲ့သည်။

တရုတ်နိုင်ငံမှ ရှေးဟောင်းအဆောက်အအုံပညာရှင် ၁၂ ဦး မှာလည်း လက်ရှိတွင် ပုဂံမြို့သို့ရောက်ရှိနေပြီး ပျက်စီးသွားသော စေတီပုထိုးများကို စစ်ဆေးမှုများ ပြုလုပ်လျက်ရှိသည်။

၎င်းတို့ စစ်ဆေးမှုများပြုလုပ်ထားသည့် အစီရင်ခံစာကို စက်တင်ဘာ ၂၅ ရက်တွင် အစိုးရထံတင်ပြမည်ဟု တရုတ် ပြည်သူ့သမ္မတနိုင်ငံတော် ယဉ်ကျေးမှုအမွေအနှစ် ဗျူရိုမှ ဒုညွှန်ကြားရေးမှူးချုပ် မစ္စတာယန်ယာလင်းက ပြောသည်။

သြဂုတ် ၂၄ ရက်က လှုပ်ခတ်သောငလျင်ဒဏ်ကြောင့် ရှေးဟောင်းပုဂံမြို့ရှိ စေတီပုထိုးများ ပျက်စီးမှု အရေ အတွက်သည် ၄၂၅ ဆူထိရှိလာခဲ့သည်ဟု သိရသည်။

# 7 Day Daily


Leave a Reply