လျှပ်စစ်ကားများအခွန်ကင်းလွတ်ခွင့်ပြု

ပြည်ပမှတင်သွင်းသည့် လျှပ်စစ်သုံးယာဉ်(BEV)အမျိုးအစားများအတွက်  မြန်မာ့အကောက်ခွန်နှုန်းစာရင်း-၂၀၂၂ တွင် သတ်မှတ်ထားသော အကောက်ခွန်နှုန်းများကို ပြည်ထောင်စုအစိုးရအဖွဲ့၏ ဆုံးဖြတ်ချက်ဖြင့် သုညရာခိုင်နှုန်းသို့ လျှော့ချသတ်မှတ်လိုက်ကြောင်း စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၏နိုဝင်ဘာ ၂ ရက်စွဲဖြင့် ထုတ်ပြန်သည့် အမိန့်ကြော်ငြာစာအမှတ် ၉၀^၂၀၂၂အရ သိရသည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အတွင်း လျှပ်စစ်သုံးယာဉ်များအသုံးပြုမှုနှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရန် ပြည်ပမှ Completely Build Up-CBU စနစ်၊ Completely Knocked Down-CKD စနစ်နှင့် Semi-Knocked Down-SKD စနစ်တို့ဖြင့် တင်သွင်းသည့် အောက်ဖော်ပြပါ ဘက်ထရီမှ လျှပ်စစ်စွမ်းအင်ကို ရယူမောင်းနှင်သည့် လျှပ်စစ်သုံးယာဉ် (Battery Electric Vehicle-BEV) အမျိုးအစားများအတွက် မြန်မာ့အကောက်ခွန်နှုန်းစာရင်း-၂၀၂၂ တွင် သတ်မှတ်ထားသော အကောက်ခွန်နှုန်းများကို ပြည်ထောင်စုအစိုးရ အဖွဲ့၏ ဆုံးဖြတ်ချက်နှင့်အညီ သုညရာခိုင်နှုန်းသို့ လျှော့ချသတ်မှတ်လိုက်ခြင်း ဖြစ်သည်။

လမ်းပေါ်တွင်မောင်းနှင်နိုင်သည့် နောက်တွဲယာဉ်ကို ဆွဲသည့်ယာဉ်၊ယာဉ် မောင်းအပါအဝင်(၁၀)ဦးသို့မဟုတ် ၁ဝဦး နှင့်အထက် စီးနင်းနိုင်သော ခရီးသည်တင် မော်တော်ယာဉ်၊ကုန်တင်ယာဉ်၊ လူစီးယာဉ် ၊ သုံးဘီးတပ်ယာဉ်(လူစီး)၊ သုံးဘီးတပ်ယာဉ် (ကုန်တင်)၊ လူစီးနှစ်ဘီးတပ် လျှပ်စစ်မော်တော်ဆိုင်ကယ်၊လူစီးနှစ်ဘီးတပ် လျှပ်စစ်စက်ဘီး၊ လူနာတင်ယာဉ်၊ ထောင်ကား၊ နိဗ္ဗာန်ယာဉ် ၊ လျှပ်စစ်သုံးယာဉ်များနှင့် စပ်လျဉ်း၍ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၏  တင်သွင်းခြင်းအတွက် နည်းပညာပိုင်းဆိုင်ရာ ထောက်ခံချက်ပါရှိသည့်လျှပ်စစ်သုံးယာဉ်များ၏ ဆက်စပ်ပစ္စည်းများ (ဥပမာ-အားသွင်းရုံဆိုင်ရာပစ္စည်းများ၊ အားသွင်းစနစ်ဆိုင်ရာပစ္စည်းများ)နှင့် စက်မှုဝန်ကြီးဌာန၏ တင်သွင်းခြင်း အတွက် ထောက်ခံချက်ပါရှိသည့် ပူးတွဲစာရင်းပါ လျှပ်စစ်သုံးယာဉ်များ၏ အပိုပစ္စည်းများ စသည်တို့အပေါ် အခွန်မကောက်ခံရန် ဆုံးဖြတ်ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းအမိန့်ကြော်ငြာစာသည် ၂၀၂၂ ခုနှစ် နိုဝင်ဘာ ၂ ရက်မှ ၂၀၂၃ ခုနှစ် မတ် ၃၁ ရက်အထိ အကျိုးသက်ရောက် စေမည်ဖြစ်ကြောင်း သိရသည်။ elevennews