ထိုင်းတွင် CI လျှောက်ထားသူ မြန်မာလုပ်သား သုံးသောင်းကျော်ရှိ

CI စတင်ပြုလုပ်ခွင့်ပေးခဲ့သည့် မတ် ၃ ရက်မှစ၍ ရက်ပေါင်း ၂၀ ကျော်အတွင်း CI လျှောက်ထားသူ မြန်မာနိုင်ငံသား သုံးသောင်းကျော် ရှိနေပြီဖြစ်ကြောင်း သိရသည်။

ထိုင်းနိုင်ငံတွင် ယာယီနေထိုင်ခွင့်ကတ် (ပန်းရောက်ဘတ်ကတ်) ကိုင် မြန်မာလုပ်သား ရှစ်သိန်းခန့် အတွက် မြန်မာအစိုးရက သက်တမ်းလေးနှစ်ရှိ CI (မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ်) စာအုပ်များကို ထိုင်းနိုင်ငံအတွင်း စုစုပေါင်း စခန်းခြောက်ခုဖွင့်လှစ်၍ မတ် ၃ ရက်မှစတင်ကာ ထုတ်ပေးနေခြင်းဖြစ် ကြောင်း အလုပ်သမားညွှန် ကြားရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်ကျော်က ပြောသည်။

“ဘယ်လအပြီးလုပ်ရမယ်ဆိုတဲ့ ကန့်သတ်ချက်တော့မရှိပါဘူး။ ဒါပေမဲ့ စခန်းခြောက်ခုစလုံးမှာ လက်ရှိ ကတော့ သုံးသောင်းကျော်လုပ်ပေး ပြီးပါပြီ။ စက်ရုံတွေအထိသွားပြီး လုပ်ပေးတဲ့ ဝန်ဆောင်မှုပေးနိုင်ဖို့ ထိုင်း အစိုးရနဲ့ညှိနှိုင်းထားပါတယ်” ဟု ဦး မောင်မောင်ကျော်က မတ် ၂၃ ရက် တွင်ပြောသည်။

ထိုသို့ဆောင်ရွက်ပေးနိုင်ရေး အတွက် မတ် ၂၁ နှင့် ၂၂ ရက် တို့တွင် ထိုင်း-မြန်မာ တာဝန်ရှိသူများ ထိုင်းနိုင်ငံတွင် ညှိနှိုင်းခဲ့ကြောင်း လည်းသိရသည်။

CI လုပ်ဆောင်လိုသည့် လုပ်သားများအနေဖြင့် ထိုင်းနိုင်ငံအတွင်း ရှိ 7 Eleven ဆိုင်များအပါအဝင် Counter Services ဝန်ဆောင်မှုပေးသောနေရာများတွင် နေထိုင်ခွင့် သက်တမ်းရှိ ပန်းရောင် ဘတ်ကတ်များကိုပြကာ ဝန်ဆောင်ခနှင့် CI ပြုလုပ်ခ စုစုပေါင်းဘတ်ငွေ ၃၁၀ ပေးသွင်းရကြောင်း အဆိုပါငွေသွင်း ချလန်နှင့်အတူ ပန်းရောင်ဘတ်ကတ် ကိုယူဆောင်ကာ CI ထုတ်ပေးရေး စခန်းများတွင် အထောက်အထား အချက်အလက်များဖြည့်၍ CI ထုတ် ယူရကြောင်း အလုပ်သမားလူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။

CI ရရှိသူသည် ထိုင်းလဝကရုံး များတွင် CI စာအုပ်လျှောက်ထား ကာ ဗီဇာတုံးထုရမည်ဖြစ်ပြီး ဗီဇာတုံး ထုခသည် ဘတ် ၅၀ဝ ဖြစ်ကြောင်း သိရသည်။ယခု မြန်မာအစိုးရထုတ်ပေးသည့် CI အထောက်အထား သည် ယာယီနိုင်ငံကူးလက်မှတ်ကဲ့သို့ပင် နယ်မြေကျော်ဖြတ်သန်းခွင့်ရရှိမည် ဖြစ်သည်ဟု သိရသည်။

#Democracytoday