တပ်မတော်နှင့် NCA လက်မှတ်ထိုးထားသော အဖွဲ့များ၏ တပ်ဖွဲ့ဝင်များ ပူးပေါင်းနယ်လှည့်ခြင်း ၂၀၁၇ နှစ်ဆန်းတွင် ပြုလုပ်မည်
တပ်မတော်နှင့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များမှ တပ်ဖွဲ့ဝင်များ ပူးပေါင်းနယ်လှည့်ခြင်းကို ၂၀၁၇ မှစတင်၍ ပထမဆုံး အကြိမ်လုပ်ဆောင်မည်ဖြစ်ကြောင်း နှစ်ဖက်ကိုယ်စားလှယ်များထံမှ သတင်းရရှိသည်။
တပ်မတော်နှင့် NCA ရေးထိုးပြီးသားအဖွဲ့များအကြား ရင်းနှီးမှုပိုမိုရရှိပြီး ပြည်သူများအား ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာပူးတွဲ စောင့်ကြည့်ရေးကော်မတီ (JMC) လုပ်ငန်းစဉ်များရှင်းပြရန် ရည်ရွယ်၍ ယခုကဲ့သို့ ပူးပေါင်း နယ်လှည့်ရန် ပြည်ထောင်စုအဆင့် JMC အစည်းအဝေးက ဆုံးဖြတ်ခြင်းဖြစ်ကြောင်း တပ်မတော်ကိုယ်စားလှယ် ဗိုလ်မှူးကြီးဝဏ္ဏအောင်ကပြောသည်။
‘‘အစည်းအဝေးဆုံးဖြတ်ချက်လုပ်တာတော့ ပူးပေါင်းနယ်လှည့်စောင့်ကြည့်တာတို့ ဒါလေး တွေလုပ်သွားမှာဖြစ် ပါတယ်။ ပူးပေါင်းနယ်လှည့်တာက အခုစီစဉ်နေဆဲကာလဖြစ်တော့ ဖြစ်နိုင်တာက ၂၀၁၇ထဲမှာ လက်တွေ့ အကောင်အထည်ဖော်နိုင်မယ်ထင်ပါတယ်။ အခု ပထမဆုံးအကြိမ် ဆုံးဖြတ်ချက်ချပြီးတော့ နှစ်ဖက်တပ်တွေရဲ့ ငြိမ်းချမ်းရေးတိုးတက်မှုသဘောလည်းဆောင်အောင်၊ တကယ်လည်းအောက်ခြေမှာ ရင်းနှီးမှုရပြီးတော့ ပြည်သူကို လည်း JMC နဲ့ ပတ်သက်တာလေးတွေ ရှင်းလင်းပြောနိုင်အောင် ဒီလိုဆောင်ရွက်တာဖြစ်ပါတယ်’’ ဟု ၎င်းက ဆိုသည်။
ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC-U) အစည်းအဝေး ကို ရန်ကုန်မြို့၌ နိုဝင်ဘာ ၁၇ ရက်မှ ၁၉ ရက်အထိ ကျင်းပခဲ့သည်။
JMC-U ဒုတိယဥက္ကဋ္ဌ ကရင်အမျိုးသားအစည်းအရုံး (KNU) စစ်ထောက်ချုပ် ဗိုလ်ချုပ်စောအိုင်းဇက်ဖိုးက ‘‘အဲဒါက တစ်ယောက်နဲ့တစ်ယောက် အောက်ခြေမှာဆက်ဆံမှုရှိပြီးတော့ ယုံကြည်မှုတည်ဆောက်တဲ့အပိုင်းက တစ်ခုပေါ့။ ဒီကနေပြီးတော့ တစ်ဆင့်တစ်ဆင့်က နောက်ဆက်သွားရမယ့်လုပ်ငန်းတွေမှာလည်း အကျုံးဝင်သွားမယ်။ ဒီဟာ တွေက ဆက်သွားလို့ရမှာပေါ့’’ ဟု ပြောကြားသည်။
တပ်မတော်နှင့် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားအဖွဲ့များ အထူးသဖြင့် KNU နှင့် RCSS အဖွဲ့တို့သည် ပူးတွဲနယ်လှည့်ခြင်းကို ပြည်နယ်အဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ (JMC-S) အဆင့်တွင် နှစ်လလျှင်တစ်ကြိမ် ဆောင်ရွက်ရန် ဆုံးဖြတ်ခဲ့သည်ဟု JMC-U အရပ်သား ကိုယ်စားလှယ် ဦးမောင်မောင်ငြိမ်းက ပြောသည်။
ထို့အပြင် အချိန်နှင့်တစ်ပြေးညီဆောင်ရွက်နိုင်ရန် သတင်းအချက်အလက်များဖလှယ်နိုင်ရေးအတွက် ပြည်နယ် အဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC-S) အဖွဲ့ဝင်များအကြား သင့်တော်သည့် ဆက်သွယ်မှုလမ်းကြောင်းများ ထားရှိဆောင်ရွက်သွားရန် ဆုံးဖြတ်ခဲ့ကြောင်းသတင်းရရှိသည်။ # # 7 Day Daily