ကမ္ဘာ့ဘဏ်မှချေးယူငွေသည် ဝန်ထမ်းများ လစာတိုးရန်ဆိုသည့်သတင်းမှာ အမြင်လွဲခြင်းဖြစ် ဟုဆို

ကမ္ဘာ့ဘဏ်မှ ချေးယူမည့် အမေရိကန်ဒေါ်လာ သန်း ၁ဝဝ အနက် ဒေါ်လာသန်း ၆ဝ မှာ နိုင်ငံ့ဝန်ထမ်းများအား လစာ တိုးမြှင့်ပေးရန် မဟုတ်ဘဲ ချေးငွေ ချေးယူခွင့်ပြုရန် လွှတ်တော်သို့ စာရေးသားပေးပို့လာသည့် စာသားကြောင့် အမြင် လွဲမှားမှုများ ပေါ်ပေါက်ခဲ့ခြင်းဖြစ်သည်ဟု စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း က ရှင်းလင်းပြောကြားသည်။

”ကျွန်တော်တို့ ယခုတင်ပြတဲ့ ငွေရေး၊ ကြေးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းအတွက် ချေးငွေဟာ လစာတိုးရန် ကိစ္စနဲ့ လုံးဝသက်ဆိုင်မှုမရှိပါ။ အလားတူ ဝန်ထမ်း လစာပေးရန် ရန်ပုံငွေ မလုံလောက်၍ ငွေချေးယူရသည် ဟူသော အခြေအမြစ်မရှိသည့် ရေးသား၊ ပြောဆိုချက်များမျိုးနဲ့လဲ သက်ဆိုင်မှုမရှိပါ” ဟု ဦးမောင်မောင်ဝင်းက သြဂုတ် ၁၆ ရက် ပြည်ထောင်စုလွှတ်တော် အစည်းအဝေး တွင်ပြောသည်။

သြဂုတ် ၅ ရက် ရက်စွဲဖြင့် ပြည်ထောင်စုလွှတ်တော်နာယကထံ နိုင်ငံတော်သမ္မတမှ ပေးပို့လာသော ကမ္ဘာ့ဘဏ်မှ ချေးယူမည့် အမေရိကန်ဒေါ်လာ သန်း ၁ဝဝ အနက် အမေရိကန်ဒေါ်လာ သန်း ၆ဝ မှာ ‘ကမ္ဘာ့ဘဏ်၏ ဘတ်ဂျက် အထောက်အပံ့ အစီအစဉ်အရ အကျုံးဝင်သည့် အသုံးစရိတ်များဖြစ်သော ဝန်ထမ်းလစာ၊ စရိတ်၊ ချီးမြှင့်ငွေ လုပ်ငန်း တိုးချဲ့ရန်အတွက် သာမန်အသုံးစရိတ်များ’ အတွက် ဖြစ်ကြောင်း ရေးသားထားခြင်းဖြစ်သည်။

ဆိုပါ ‘ဝန်ထမ်းလစာ၊ စရိတ်၊ ချီးမြှင့်ငွေ လုပ်ငန်းတိုးချဲ့ရန်’ ဟူ၍ ရေးသားချက်ပါ စာရွက်သည် လူမှုကွန်ရက်များတွင် ပြန့်နှံ့ခဲ့ပြီးနောက် ဝန်ထမ်းများအား လစာတိုးမြှင့်ပေးမည်ဟု ကောလာဟလများထွက်ပေါ်ခဲ့ခြင်းလည်း ဖြစ်သည်။

ဦးမောင်မောင်ဝင်းက ”ကမ္ဘာ့ဘဏ်က စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ထမ်းများအတွက် လစာနှင့် စရိတ်၊ ပင်စင်စတဲ့ ခေါင်းစဉ်များကို အကျုံးဝင်တဲ့ အသုံးစရိတ်များအဖြစ် သတ်မှတ်ပြီး သုံးသင့်ပါကြောင်း အဆိုပြုခဲ့ခြင်းဖြစ်ပါတယ်။ ယင်းသို့ အဆိုပြုတဲ့နေရာမှာ လုပ်ငန်းတိုးချဲ့ရန် သာမန်အသုံးစရိတ်များလည်း ပါဝင်ခဲ့တဲ့အတွက်ကြောင့် စာသား ကို လိုရာဆွဲပြီးပြောဆိုမှုမျိုးဖြစ်သွားပါတယ်”ဟု လွှတ်တော်တွင် ရှင်းလင်းပြောဆိုသည်။

ထို့အပြင် ”၂ဝ၁၄ ခုနှစ် လစာတိုးစဉ်က နိုင်ငံတော်က ကျခံသုံးစွဲရတဲ့ငွေပေါင်းဟာ ကျပ် ငွေ ၂၆၁ ဘီလီယံခန့် သုံးစွဲခဲ့ရပါတယ်။ ၂ဝ၁၅ ခုနှစ် လစာစရိတ်များ တိုးမြှင့်စဉ်က နိုင်ငံတော်က ကျခံသုံးစွဲရတဲ့ငွေပေါင်းဟာ ၈၃၄ ဘီလီယံ ကျခံသုံးစွဲခဲ့ရပါတယ်။ ယခုကမ္ဘာ့ဘဏ်က ချေးယူငွေဟာ အမေရိကန်ဒေါ်လာ သန်း ၆ဝသာ ဖြစ်ပြီး မြန်မာကျပ်ငွေ ဘီလီယံ ၇ဝ ခန့်သာဖြစ်၍ လေးနှစ်ခွဲပြီး ရယူရမည်ဖြစ်သဖြင့် ဒီချေးငွေဟာ ဝန်ထမ်းများ၏ လစာတိုးမြှင့်ရေးမှာ မည်သို့မျှ ပါဝင်ပတ်သက် သက်ဆိုင်မှုမရှိပါကြောင်းနှင့် လစာပေးရန် ငွေမလုံလောက်၍ ချေးယူရခြင်းလဲ လုံးဝ မဟုတ် ပါကြောင်း ရှင်းလင်းတင်ပြအပ်ပါတယ်” ဟုလည်း ဦးမောင်မောင်ဝင်း က ဆက်လက်ပြောကြားသည်။

ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း၏ ရှင်းလင်းပြောကြားချက်အပေါ် ဆိတ်ကြီးခနောင်တိုမြို့နယ်၊ ပြည်သူ့လွှတ်တော် အမတ် ဦးတင်ထွန်းနိုင်က ”သူတို့လွှတ်တော်ကို စပြီးတင်ကတည်းက ဒီလိုမျိုး ပြည့်ပြည့်စုံစုံ ရှင်းခဲ့တယ်ဆိုရင်တော့ အခုအပြင်မှာထွက်သွားတဲ့ ကောလာဟလထွက်မယ်လို့မထင်ဘူး။ ကောလာဟလ တစ်ခုထွက် သွားလို့ရှိရင် ဒီကောလာ ဟလနဲ့ပတ်သက်ပြီးတော့ သက်ရောက်မှုဆိုတာတော့ ရှိတယ်။ ဒါလေးတွေကတော့ နောင်မှာ သက်ဆိုင်ရာဝန်ကြီးဌာန တွေအနေနဲ့ သေချာကြိုတင်စဉ်းစားပြီးတော့ ဆင်ခြင်သင့်တဲ့ကိစ္စ တစ်ရပ်လို့ မြင်တယ်”ဟု ပြောသည်။

theyangontimes


Leave a Reply