ပင်လုံညီလာခံတက်ရောက်ရန် အဆင်သင့်ရှိကြောင်း တအာင်း၊ ကိုးကန့်နှင့် AA အဖွဲ့ထုတ်ပြန်

၂၁ ရာစုပင်လုံညီလာခံ တွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အားလုံး ပါဝင်ရေးမူကို အစိုးရက ဆုံးဖြတ်ချက်ချမှတ်ခဲ့ သည့်အတွက် ၀မ်းမြောက်အားတက်ကြောင်းနှင့် ပင်လုံညီလာခံတက်ရောက်ရန် အဆင်သင့်ရှိကြောင်း တအာင်း၊ ကိုးကန့်နှင့်  AA မဟာမိတ်သုံးဖွဲ့က သဘောထားထုတ်ပြန်သည်။

သြဂုတ် ၁၈ ရက်စွဲဖြင့်ထုတ်ပြန်ချက်တွင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲ ကော်မတီ (UPDJC) အစည်းအဝေးက ပင်လုံညီလာခံတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အားလုံးပါဝင်ရေး မူကို ဆုံးဖြတ်ချက်ချ မှတ်ခဲ့သည်ဟုသိရသဖြင့် ငြိမ်းချမ်းရေးဖြစ်စဉ် တိုးတက်မှုအပေါ် ၀မ်းမြောက်အားတက်မိကြောင်း ဖော်ပြထားသည်။

တရုတ်နယ်စပ်အခြေစိုက် အဆိုပါအဖွဲ့သုံးဖွဲ့၏ ထုတ်ပြန်ချက်မှာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်၏ တရုတ်နိုင်ငံ ခရီးစဉ်စတင်ချိန်တွင် ထွက်ပေါ်လာခြင်းဖြစ်သည်။

၂၁ ရာစုပင်လုံညီလာခံကို သြဂုတ် ၃၁ ရက်တွင် ကျင်းပမည်ဟု ဆုံးဖြတ်ခဲ့မှုအပေါ်ကြိုဆိုပြီး ၎င်းတို့အနေဖြင့် တက်ရောက်ရန် အဆင်သင့်ရှိကြောင်း မဟာမိတ်သုံးဖွဲ့က ဆိုသည်။

လက်ရှိအစိုးရ၊ မြန်မာ့တပ်မ တော်နှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ အတူတကွ ဆောင်ရွက်နေသည့် ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ၎င်းတို့အနေဖြင့် ပူးပေါင်းပါဝင်ရန် အဆင်သင့်ရှိကြောင်း တအာင်း (TNLA)၊ ကိုးကန့် (MNDAA) နှင့် AA တို့ကသဘောထားထုတ်ပြန်ခဲ့သည်။

အစိုးရငြိမ်းချမ်းရေးကော်မရှင်နှင့် အထက်ပါအဖွဲ့သုံးဖွဲ့သည် ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက မိုင်းလားမြို့တွင် တွေ့ဆုံဆွေး နွေးထားသည်။ သို့သော် ‘လက်နက်ကိုင်လမ်းစဉ်ကို အပြီးတိုင်စွန့်လွှတ်ကြောင်း’ ကြေညာချက် ထုတ်ပြန်ရန် ကိစ္စနှင့် ပတ်သက်၍ ပြေလည်မှုမရရှိခဲ့ပေ။ ပင်လုံအကြိုပြင်ဆင်ရေးကော်မတီပြော ရေးဆိုခွင့်ရှိသူများက အဆိုပါ အဖွဲ့သုံးဖွဲ့နှင့် ဆွေးနွေးညှိနှိုင်းမှုများ ဆက်လက်ပြုလုပ်နေပြီး တိုးတက်မည်ဟု ထင်မြင်ကြောင်း ပြောကြားထားသည်။

သြဂုတ် ၃၁ ရက်တွင် စတင် ကျင်းပမည့် ၂၁ ရာစုပင်လုံညီလာခံတွင် တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့ အားလုံး ပါဝင်ခွင့်ပြုထားပြီး အပစ်ရပ်အဖွဲ့နှင့် အပစ်မရပ် အဖွဲ့အကြား ခွဲခြားမှုမရှိစေရန် ‘ညီလာခံကိုယ်စားလှယ်’ အသုံး အနှုန်းအစား ‘ညီလာခံ တက်ရောက်သူများ’ ဟု ပြောင်းလဲသုံ နှုန်းမည်ဖြစ်သည်။

တအာင်း၊ ကိုးကန့်နှင့် AA အဖွဲ့များမှာ ငြိမ်းချမ်းရေးဖိတ်ခေါ် ကမ်းလှမ်းသည့်ကာလနောက် ပိုင်းတွင်မှ လက်နက်ကိုင် တော်လှန်ခဲ့သဖြင့် လက်နက်ကိုင်လမ်းစဉ်ကို စွန့်လွှတ်ရမည်ဖြစ်ကြောင်း တပ်မတော်ဘက်က အတိအလင်းပြောကြား ထားပြီး ယခင်အစိုးရလက်ထက် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် ပါဝင်ခွင့်မပြုခဲ့ပေ။

7 Day Daily


Leave a Reply