ဗိုလ်ချုပ်အောင်ဆန်းတံတားအမည် အတည်ဖြစ်ပါက မူလတံတားအမည် ပြန်ရရန် ဥပဒေဘောင် အတွင်း ဆက်လက်လှုပ်ရှားမည်

မော်လမြိုင်မြို့နှင့် ချောင်းဆုံမြို့သို့ ဆက်သွယ်ထားသောတံတားကို ဗိုလ်ချုပ်အောင် ဆန်းတံတား ဟု အမည်ပြောင်းလဲခြင်းကို ဆန္ဒထုတ်ဖော်ရေးကော်မတီက သက်ဆိုင်ရာအစိုးရထံသို့ ပြန်လည် စဉ်းစားပေး ရန် တင်ပြထားသော်လည်း တစ်စုံတစ်ရာ အကြောင်းပြန်ကြားခြင်းမရှိသေးဘဲ ထိုတံတားအမည် အတည် ဖြစ်ခဲ့ပါက ဥပဒေဘောင်အတွင်းက ဆက်လက်အကောင်အထည် ဖော်မည်ဖြစ်ကြောင်း သတင်းရရှိသည်။

တံတားကိစ္စနှင့်ပတ်သက်၍ မွန်လူထုတစ်ရပ်လုံး ဆန္ဒထုတ်ဖော်ရန် မတ်လ ၇ ရက်က မော်လမြိုင် မြို့ ဓာတုမာလမွန် ဘုန်းတော်ကြီးကျောင်းတွင် သံလွင်တံတား (ချောင်းဆုံ)အမည် ပြောင်းလဲခြင်း ဆိုင်ရာ အမျိုးသားရေးအသွင် ဆန္ဒထုတ်ဖော်ရေးကော်မတီ ဖွဲ့စည်းခဲ့သည်။

ထိုကော်မတီမှ ဦးဆောင်ပြီး ဗိုလ်ချုပ်အောင်ဆန်း တံတားအမည်ပေးသည့်ကိစ္စအား ပြန်လည် စဉ်းစား ပေးရန် နိုင်ငံတော်သမ္မတရုံး၊ နိုင်ငံတော်အတိုင်ပင်ခံရုံး၊ တိုင်းရင်းသားရေးရာ ၀န်ကြီးဌာနရုံး၊ အမျိုးသား လွှတ်တော်ရုံးနှင့် ပြည်ထောင်စုလွှတ်တော်ရုံးတွင် တင်ပြထားသော်လည်း အကြောင်းပြန်ကြားခြင်း မရှိသေးသောကြောင့် မတ်လ ၂၉ ရက်၌ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။

‘‘သက်ဆိုင်ရာအစိုးရအနေနဲ့ ဒီတင်ပြမှုတွေကို အလေးထားပြီး ဆောင်ရွက်ပေးတာ အခုအချိန်ထိ မရှိသေး ဘူး။ ကြားဖြတ်ရွေးကောက်ပွဲပြီးတာနဲ့ ကျွန်မတို့လုပ်ရမယ့် ဥပဒေဘောင်အတွင်းကနေ ဆက်လက် လှုပ်ရှားမယ်။ သိနားလည်တဲ့ ဥပဒေပညာရှင်တွေနဲ့ တိုင်ပင်ပြီး ရလာတဲ့အဖြေအတိုင်း ဆောင်ရွက်မယ်။ အခုအချိန်မှာ ဘယ်က ဥပဒေပညာရှင်နဲ့ တိုင်ပင်မယ်ဆိုတာ ပြောလို့မရပါဘူး’’ ဟု သံလွင်တံတား (ချောင်းဆုံ) အမည်ပြောင်းလဲခြင်းဆိုင်ရာ အမျိုးသားအသွင် ဆန္ဒထုတ်ဖော်ရေး ကော်မတီပြောရေးဆို ခွင့်ရှိသူ မိကွန်းချမ်းနွံက ပြောသည်။

တံတားစီမံကိန်း စတင်အကောင်အထည်ဖော်လုပ်ဆောင်မည့်အချိန်တွင် ပေးထားသည့်အမည်အတိုင်း သံလွင်တံတား (ချောင်းဆုံ) အမည်ကိုသာ ဆက်လက်အမည်ပေးရန် ဗိုလ်ချုပ်အောင်ဆန်း ဟု အမည်ပေး ခြင်းကို မကြိုက်၍မဟုတ်ဘဲ ဒေသခံ ဌာနေတိုင်းရင်းသားများဆန္ဒကို အလေးပေးဂရုစိုက်ရန် သက်ဆိုင်ရာ အစိုးရထံ တောင်းဆိုထားသည်ဟု သံလွင်တံတား (ချောင်းဆုံ) အမည်ပြောင်းလဲခြင်းဆိုင်ရာ အမျိုးသား အသွင် ဆန္ဒထုတ်ဖော်ရေးကော်မတီအဖွဲ့ ခေါင်းဆောင် မင်းအောင်မွန်က ဆိုသည်။

# 7 Day Daily