တရုတ်သူလျှိုဖြစ်ကြောင်း FBI ဝန်ထမ်းတစ်ဦး ဝန်ခံ

China

နယူးယောက်၊ သြဂုတ် ၃

FBI တွင် ထိပ်တန်းလျှို့ဝှက်လုံခြုံရေးအချက်အလက်များ အသုံးပြုခွင့်ရှိသူ ဝန်ထမ်းတစ်ဦးက တရုတ်အစိုးရအတွက် သူလျှိုလုပ်ပေးနေသူဖြစ်ကြောင်း ဝန်ခံပြောကြားသည်။

တရုတ်နိုင်ငံတွင် မွေးဖွားသော အမေရိကန်နိုင်ငံသား ခံယူထားသူ ကန်ရှန်းချန်ကို တရုတ်အရာရှိတစ်ဦးထံ အရေးကြီး သတင်းအချက်အလက်များ ပေးပို့ပေးသည်ဟု တရားရုံးတင် အမှုစစ်ရာ၌ ၎င်းက ယခုကဲ့သို့ ဝန်ခံပြောကြားခြင်း ဖြစ်သည်။

ကန်ရှန်းချန်သည် သစ္စာဖောက်တစ်ဦးဖြစ်ပြီး နိုင်ငံတော်လုံခြုံရေးကို ထိပါးခြောက်လှန့်သူတစ်ဦးဖြစ်ကြောင်း ရှေ့နေ ပရိဘဟာရာရာက ပြောသည်။

ချန်က သူ့၏အမှားအတွက် အလွန်ကို နောင်တရကြောင်း၊ အမေရိကန်နိုင်ငံကိုလည်း ချစ်မြတ်နိုးသူဖြစ်ကြောင်း ၎င်း၏ ရှေ့နေက ပြောသည်။

ချန်အနေဖြင့် ထောင်ဒဏ် ဆယ်နှစ်အထက် ရင်ဆိုင်ရဖွယ်ရှိသော်လည်း တရားခံရှေ့နေဖက်က ထောင်ဒဏ် ၂၁ လနှင့် ၂၇ လ ကြားသာ သင့်တော်သည့် ပြစ်ဒဏ် ဖြစ်ကြောင်း လျှောက်လဲထားသည်။

ဝါရှင်တန်ရှိ တရုတ်သံရုံးက ယခုအမှုကိစ္စရပ်နှင့် ပတ်သက်ပြီး မည်သည့်ထင်မြင်ချက်မျှ မပေးကြောင်း အေပီသတင်း က ဖော်ပြသည်။

အသက် ၄၆ နှစ်ရှိ ချန်သည် ၁၉၉၇ ခုနှစ်ကစကာ FBI အတွက် လျှပ်စစ်ပညာရှင်တစ်ဦးအဖြစ် လုပ်ကိုင်ခဲ့သူဖြစ်ပြီး မတ်လအတွင်းက ဖမ်းဆီးခံရခြင်းဖြစ်သည်။

ချန်သည် ၂၀၁၁ ခုနှစ်အတွင်းက အီတလီနှင့် ပြင်သစ်သို့ သွားရောက်လည်ပတ်ရာမှ တရုတ်အရာရှိတစ်ဦးက ၎င်းအား ချဉ်းကပ်ကာ အဆက်အသွယ်ဖြစ်ခဲ့ပြီး နောက်ပိုင်းတွင် ပြည်ပ၌ တွေ့ဆုံခြင်းများ ဆက်လက် လုပ်ဆောင်ခဲ့ကြောင်း တရားရုံးက ပြောကြားသည်။

(BBC)    


Leave a Reply