ဖေ့စ်ဘုတ်က ဝန်ထမ်းတသောင်း ထပ်လျှော့မည်

အမေရိကန်လူမှုကွန်ယက် Facebook ရဲ့မိခင်ကုမ္ပဏီကြီးဖြစ်တဲ့ Meta က ဝန်ထမ်း ၁ သောင်းလျှော့မယ်လို့ အင်္ဂါနေ့မှာကြေညာပါတယ်။ ပြီးခဲ့တဲ့ ၄ လကပဲ Meta ကုမ္ပဏီက ဝန်ထမ်း ၁၁,၀၀၀ လျှော့ချခဲ့တဲ့အတွက် ဒါဟာ နည်းပညာကုမ္ပဏီကြီးတခုက ဒုတိယအကျော့ ဝန်ထမ်းတွေအကြီးအကျယ်လျှော့ချမယ့်အကြောင်း ပထမဆုံး ကြေညာလိုက်တာလည်းဖြစ်ပါတယ်။

Meta ကုမ္ပဏီဖွဲ့စည်းပုံ ပြန်လည်ပြင်ဆင်မှုတစိတ်တပိုင်းအဖြစ် သိပ်အရေးမကြီးတဲ့ ပရောဂျက်တွေကို ဖျက်သိမ်းနေချိန်မှာပဲ ဝန်ထမ်းသစ်ခန့်ထားရေးကိုပါ လျှော့ချလိုက်တာဖြစ်ပါတယ်။ ဒီသတင်းကြောင့် ကြိုရောင်းကြိုဝယ် အစုရှယ်ယာဈေးကွက်မှာ Meta ရဲ့အစုရှယ်ယာဈေးတွေ ၂ % တက်သွားပါတယ်။ ၈၉ ဘီလီယံကနေ ၉၅ ဘီလီယံကြားရှိတဲ့ Meta ကုမ္ပဏီအသုံးစရိတ်ကို ၅ ဘီလီယံထိလျှော့ချပြီး ၂၀၂၃ ခုနှစ်ကို ထိရောက်မှုရှိတဲ့ နှစ်ဖြစ်ရမယ်လို Meta အမှုဆောင်ညွှန်ကြားရေးမှူးချုပ် Mark Zuckerberg ကတိပြု ပြောဆိုထားတာပါ။

သူ့ကတိစကားအတိုင်း Meta က ခုလို ဆောင်ရွက်လိုက်တာလည်းဖြစ်ပါတယ်။ အမေရိကန်နိုင်ငံမှာ စီးပွါးရေး ကျဆင်းနေတဲ့အတွက် နိုင်ငံတဝှမ်းမှာ အလုပ်အကိုင်လျှော့ချနေကြတာမှာ Golden Sachs နဲ့ Morgan Stanley တို့လို၊ Wall Street ဘဏ်တွေကနေ Amazon နဲ့ Microsoft တို့လို နည်းပညာကုမ္ပဏီကြီးတွေထိ ပါဝင်ကြပါတယ်။

၂၀၂၂ ခုနှစ် နှစ်ဆန်းပိုင်းကစပြီး  နည်းပညာလုပ်ငန်းတွေကနေလျှော့ချခဲ့တဲ့ဝန်ထမ်း ၂၈၀,၀၀၀ ကျော်ရှိပြီး ၄၀% ကတော့ ဒီနှစ်ထဲမှာ ခန့်ထားတဲ့သူတွေဖြစ်တယ် လို့ ဒီအရေး စောင့်ကြည့်နေတဲ့ layoffs.fyi အင်တာနက် စာမျက်နှာမှာဖော်ပြထားပါတယ်။