အရေးပေါ်စီမံမှုအက်ဥပဒေကို ရုတ်သိမ်းမည့် ဥပဒေကြမ်း တင်သွင်း

အရေးပေါ်စီမံမှုအက်ဥပဒေကို ရုပ်သိမ်းမည့်ဥပဒေကြမ်းကို သြဂုတ် (၁) ရက်တွင် ကျင်းပသည့် ဒုတိယအကြိမ်၊ ပြည်သူ့လွှတ်တော်၊ ဒုတိယပုံမှန်အစည်းအဝေး၊ ပဉ္စမနေ့တွင် ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီမှ တင်သွင်းခဲ့သည်။

အရေးပေါ်စီမံမှု အက်ဥပဒေကို ၁၉၅၀ ခုနှစ်တွင် ရေးဆွဲခဲ့ခြင်းဖြစ်ပြီး နိုင်ငံသားများ၏ ဘ၀လုံခြုံမှုထက် အုပ်ချုပ်သူ များ၏ လုပ်ပိုင်ခွင့်ကို အလေးထား ပြဌာန်း ထားခြင်းဖြစ်သောကြောင့် ယခုပြောင်းလဲလာသည့် ခေတ်ကာလနှင့် မသင့်လျော်တော့သဖြင့် ရုပ်သိမ်းနိုင်ရန် အဆိုတင်သွင်းခဲ့ခြင်း ဖြစ်ကြောင်း ပြည်သူ့လွှတ်တော် ဥပဒေကြမ်း ကော်မတီအဖွဲ့ဝင်  ဦးဘရှိန်က ပြောသည်။

“အခုလိုပြောင်းလဲလာတဲ့ ခေတ်ကာလနဲ့မညီတော့တာ တပိုင်း၊ နိုင်ငံသားတွေရဲ့အကျိုးစီးပွားကို အလေးထား စောင့်ရှောက်ပေးဖို့က ပိုပြီးအရေးပါလာတာကြောင့် ဒီဥပဒေကြမ်းကို လွှတ်တော်က လက်ခံဆောင်ရွက်ပေးဖို့ တင်သွင်းခဲ့ပါတယ်။”

ဦးဘရှိန်၏ အဆိုနှင့်ပတ်သက်၍ ပြည်သူ့လွှတ်တော်ဥပဒေကြမ်းကော်မတီမှ ဖျက်သိမ်းရန် သင့်လျော်သည့် ဥပဒေ တစ်ခုဖြစ်ကြောင်း ဆုံးဖြတ်ခဲ့သည်။

“အဲဒီအချိန်က နိုင်ငံရေးအခြေနေတွေကြောင့် ဒီဥပဒေကို ပြဌာန်းခဲ့ကြရတယ်။ ဒီနေ့မှာတော့ ခေတ်နဲ့လည်း လိုက်လျောညီထွေမှု မရှိတော့သလို၊ နိုင်ငံရေး ဆောင်ရွက်နေသူတွေကို အချိန်မရွေး ဖမ်းဆီးထောင်ချနိုင်တဲ့ မတရားပြုကျင့်မှုတွေကို ကာကွယ်ဖို့ ယခုဥပဒေကြမ်းကို ရေးဆွဲတင်ပြခဲ့တာပါ” ဟု ပြည်သူ့လွှတ်တော် ဥပဒေ ကြမ်းကော်မတီ ဥက္ကဌ ဦးထွန်းထွန်းဟိန်က လွှတ်တော်အတွင်း ပြောကြားခဲ့သည်ဟု သိရသည်။

မဇ္ဈိမ

 


Leave a Reply