တမူးတွင် ကူကီးတိုင်းရင်းသားဖိုရမ်ကျင်းပရန် ခရိုင်ထွေအုပ်ခွင့်မပြု

စစ်ကိုင်းတိုင်း၊ တမူးတွင် ၂၁ ရာစုပင်လုံညီလာခံကြိုဆိုထောက်ခံပွဲနှင့် ကူကီးတိုင်းရင်းသားဖိုရမ်ကို တမူးမြို့၊ ဧပရယ်မွန်ခန်းမတွင် ကျင်းပရန်စီစဉ်နေပြီး ကူကီး တိုင်းရင်းသားဖိုရမ်ကျင်းပရန်ကို တမူးခရိုင် အထွေထွေအုပ်ချုပ်ရေးမှူးက တားဆီးနေသည်ဟု ပွဲကျင်းပရေးကော်မတီဥက္ကဋ္ဌ ဒေါ်ငိုင်ငိုင်းက မဇ္ဈိမကိုပြောသည်။

အဆိုပါပွဲကျင်းပရန်အတွက် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့အပါအဝင် မြို့နယ်၊ ခရိုင်မှ သက်ဆိုင်ရာအဆင့်ဆင့်ကို သြဂုတ်လ ၁၂ ရက်က စာတင်ခဲ့ပြီး ခွင့်မပြု နိုင်ကြောင်း ခရိုင်အုပ်ချုပ်ရေးမှူးက သြဂုတ်လ ၁၇ ရက်တွင် ပွဲကျင်းပရေးကော်မတီကို ခေါ်ယူပြောဆိုခဲ့သည်ဟု ဒေါ်ငိုင်ငိုင်းက ဆိုသည်။

“အရင်အစိုးရလက်ထက်ကလည်း ကူကီးတိုင်းရင်းသားရိုးရာပွဲတွေ ကျင်းပနေတာပဲ။ အခုမှ တားဆီးခံရတာ နားမလည်ဘူး။” ဟု ဒေါ်ငိုင်ငိုင်းကပြောသည်။

တမူးခရိုင်အထွေထွေအုပ်ချုပ်ရေးမှူး ဦးသိန်းဇော်ဦးက တားဆီးရသည့်အကြောင်းနှင့်ပတ်သက်၍  “၂၁ ပင်လုံ ညီလာခံ ကြိုဆိုထောက်ခံပွဲကို တားတာမဟုတ်ပါဘူး။ ကူကီးတိုင်းရင်းသားဖိုရမ်ကို တားတာပါ။ ဘာဖြစ်လို့လည်းဆိုတော့ ကူကီးတိုင်းရင်းသားက တိုင်းရင်းသား ၁၃၅ မျိုးထဲမှာ မပါလို့ပါ။ မပါဘဲနဲ့ခွင့်ပြုလိုက်ရင် ပြဿနာတက်နိုင်ပါတယ်။” ဟုပြောသည်။

အဆိုပါပွဲကို သြဂုတ် ၁၉ရက်မှ စတင်ကာ ၂ ရက်ကျင်းပသွားရန် စီစဉ်ထားပြီး မြန်မာပြည်အနှံ့တွင် နေထိုင်နေသည့် ကူကီးတိုင်းရင်းသားများထဲမှ တစ်ချို့မှာ တမူးသို့ရောက်ရှိနေပြီဖြစ်ပြီး တစ်ချို့မှာ လာနေဆဲဖြစ်ကြောင်း ၎င်းက ဆိုသည်။

“ကျင်းပဖို့ စီစဉ်ပြီးသားဖြစ်တဲ့အတွက် ဆက်ကျင်းပသွားပါမယ်။ ကျင်းပလို့ အရေးယူလည်း အားလုံးက ရင်ဆိုင်ဖို့ ပြင်ဆင်ပြီးပါပြီ။”ဟု ဒေါ်ငိုင်ငိုင်းကပြောသည်။

အဆိုပွဲကျင်းပမည့် ဧပရယ်မွန်ခန်းမကိုလည်း သက်ဆိုင်ရာအာဏာပိုင်အဖွဲ့အစည်းများကလည်း ခန်းမ မငှားရမ်းရန် ဖိအားများပေးလျက်ရှိသည်ဟု ဒေါ်ငိုင်ငိုင်းကဆိုသည်။

အဆိုပွဲကျင်းပခွင့်မပြုခြင်းနှင့် ပတ်သက်၍ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ချင်းတိုင်းရင်းသားရေးရာဝန်ကြီး ဦးလာလ်ထောင်ထန် က “ကျွန်တော်တို့အနေနဲ့က ဝင်စွတ်ဖက်ဖို့ခက်တယ်။ ခရိုင်က တားတာဆိုတော့ ဒေသတွင်းမှာပဲ ညှိနှိုင်းတာကောင်းပါတယ်။ မကျေနပ်ရင်လည်း တိုင်းဒေသကြီးအစိုးရအဖွဲ့ထံကို တင်ပြလို့ရပါတယ်။”ဟု ပြောသည်။

မြန်မာနိုင်ငံတွင် ကူကီးတိုင်းရင်းသားများသည် စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း တမူး၊ ဟုမ္မလင်း၊ ခန္တီး၊ လေရှီး၊ ခမ်းပတ်၊ ကလေးမြို့တို့တွင် အများစုနေထိုင်ကြပြီး ချင်းပြည်နယ်၊ ရန်ကုန်၊ မန္တလေး၊ ပြင်ဦးလွင်နှင့် နေပြည်တော် တို့တွင် အနည်းငယ်နေထိုင်ကြောင်းသိရသည်။ အဆိုပါပွဲသို့ ကူကီးတိုင်းရင်းသား ၃၀၀ ကျော် တက်ရောက်မည် ဖြစ်သည်။

Mizzima


Leave a Reply