E-Bagan ဝက်ဘ်ဆိုက်နဲ့ Call Center တည်ထောင်မယ်

ပုဂံဒေသသို့ သွားရောက်လည်ပတ်မည့် ပြည်တွင်း၊ ပြည်ပခရီးသွားဧည့်သည်များအနေဖြင့် ပုဂံဒေသ၏ သမိုင်း ကြောင်းနှင့် သွားရောက်လေ့လာနိုင်မည့် နေရာများ အားလုံးကို မိုဘိုင်းဖုန်းတစ်လုံးရှိရုံဖြင့် အလွယ်တကူ သိရှိ နိုင်စေရန် E-Bagan အမည်ရှိ ဝက်ဘ်ဆိုက်နှင့် Call Center တို့ကို တည်ထောင်ရန် စီစဉ်နေကြောင်း မန္တလေးတိုင်း အစိုးရအဖွဲ့မှ သတင်းရရှိသည်။

 ‘‘ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ် ထိန်းသိမ်းရေးတွေကို အထောက်အပံ့ဖြစ်စေဖို့အတွက် ကွန်ပျူတာအသင်း နဲ့ပူးပေါင်းပြီးတော့ E-Bagan အမည်နဲ့ ဝက်ဘ်ဆိုက်တစ်ခုကို တည်ထောင်သွားပါ့မယ်။ ပုဂံနဲ့ပတ်သက်တဲ့ အကြောင်းတွေ၊ လည်ပတ်စရာနေရာတွေနဲ့ လိုအပ်တဲ့ အချက်အလက်တွေအားလုံးကို ပညာရှင်တွေနဲ့ တိုင်ပင်ပြီး ဆောင်ရွက်သွားမှာဖြစ်ပါတယ်’’ ဟု မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းကျော်ဇောက ပြောကြားသည်။

လက်ရှိတွင် E-Bagan ဝက်ဘ်ဆိုက် တည်ထောင်နိုင်ရန် စတင်ဆောင်ရွက်လျက်ရှိပြီး ပုဂံဒေသ၏ သမိုင်း ကြောင်းများနှင့် ခရီးသွားဆိုင်ရာ အချက်အလက်များကို ရှေးဟောင်းသုတေသနနှင့် စာကြည့်တိုက်ဦးစီးဌာန၊ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနတို့မှ ရယူကာ ဖော်ပြမည်ဖြစ်ကြောင်း သိရသည်။

‘‘နောက်တစ်ခုက ရှေ့ပြေးစီမံချက်အနေနဲ့ စပြီးဆောင်ရွက်သွားဖို့ပါ။ ပြည်တွင်းကပဲဖြစ်ဖြစ်၊ နိုင်ငံခြားသားပဲဖြစ်ဖြစ်၊ ပုဂံဒေသအကြောင်းကို သိချင်တာမှန်သမျှကို ဖုန်းနဲ့အလွယ်တကူဆက်ပြီး မေးလိုက်တာနဲ့ ပြည့်ပြည့်စုံစုံ ဖြေကြား ပေးနိုင်မယ့် Call Center တစ်ခု တည်ထောင်သွားဖို့ပါ။ အဲဒီအတွက် ဆက်သွယ်ရေးအော်ပရေတာတွေ ညှိနှိုင်း ဆောင်ရွက်သွားဖို့ရှိပါတယ်’’ ဟု ဦးစိုင်းကျော်ဇောက ပြောသည်။

ပုဂံဒေသသည် မြန်မာနိုင်ငံ၌ နိုင်ငံခြားသား ခရီးသွားဧည့်သည်များ လာရောက်လည်ပတ်မှု အများဆုံးဒေသဖြစ်ပြီး ကမ္ဘာ့အမွေအနှစ်အဖြစ် အသိအမှတ်ပြုလာရန် ယူနက်စကိုသို့ တင်သွင်းရေးလုပ်ငန်းများ ဆောင်ရွက်နေ၍ ရှေးဟောင်းအမွေအနှစ်ထိန်း သိမ်းရေးနှင့် ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် အဆိုပါ Call Center နှင့် E- Bagan ဝက်ဘ်ဆိုက်တို့ကို တည်ထောင်ရန် စီစဉ်ခြင်းဖြစ်သည်။

7 Day Daily


Leave a Reply