လွိုင်ကော်ခရိုင် ပြည်ခိုင်ဖြိုးပါတီ မျက်နှာစုံညီ စည်းဝေး ၊ ခရိုင်ကော်မတီဝင် အသစ်ရွေးချယ်

ကယားပြည်နယ်၊ လွိုင်ကော်ခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ မျက်နှာစုံညီ အစည်းအဝေးနှင့် ခရိုင်ကော်မတီဝင်အသစ် ရွေးချယ်ခြင်း အခမ်းအနားကို ကယားပြည်နယ်၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီရုံး အစည်းအဝေးခန်းမ၌ ဇူလိုင်လ(၂၉)ရက် နံနက်(၀၉၀၀)အချိန်က ကျင်းပ ပြုလုပ်ရာ၊ ပါတီဗဟိုအလုပ်အမှုဆောင် ဦးစိုးသိန်း၊ ဗဟိုအလုပ်အမှုဆောင် ဦးခင်ရီတို့ တက်ရောက် အားပေးကြကြောင်း သိရသည်။

ဦးစွာ ဗဟိုအလုပ်အမှုဆောင် ဦးခင်ရီက ပါတီသည် ၂၀၁၅ရွေးကောက်ပွဲ တွင် ရှံးနိမ့်ခဲ့ရပါကြောင်း၊ ၂၀၂၀တွင် ပြန်လည်အနိုင်ရရှိစေရန်၊ ယခုလို အသစ်များဖြင့် ပြန်လည်ရွေးချယ် ဖွဲ့စည်းရပါကြောင်း၊ အရွေးချယ်ခံရသော ပါတီကော်မတီဝင်အသစ်များကလည်း ပါတီအတွက် ကိုယ်ဖိရင်ဖိ အလုပ်အကျွေးပြုပြီး ပါတီပိုမိုကျစ်လစ်ခိုင်မာရေးနှင့် နိုင်ငံသား၏ အကျိုးစီးပွားကို ပံ့ပိုးစောင့်ရှောက်၍ ရေရှည်တည်တံ့သော ပါတီဖြစ်စေရန် ဆောင်ရွက်လုပ်ကိုင်ကြစေလိုကြောင်းဖြင့် ပြောကြားသည်။ ယင်းနောက် ပြည်နယ်ပါတီပြန်လည်ပြင်ဆင်ဖွဲ့စည်းရွေးချယ်ရေးကော်မတီ အဖွဲ့ခေါင်းဆောင် ဦးကိုးရယ်မှ ရွေးချယ်ခြင်းဆိုင်ရာလုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြပါသည်။ ထို့နောက် ခရိုင်ပါတီကော်မတီအဟောင်း များ နှုတ်ထွက်ခြင်း၊ ခရိုင်ပါတီကော်မတီဝင်အသစ်အမည်စာရင်း ဖိတ်ကြားရွေးချယ်အတည်ပြုကြပါသည်။ ခရိုင်အတွင်းရှိ မြို့နယ်(၄)မြို့နယ်မှ ကော်မတီဝင်(၆၀)ဦးတို့ တင်သွင်းလာသော ခရိုင်ကော်မတီဝင် အသစ်(၉)တို့ အထဲမှ ဥက္ကဋ္ဌအဖြစ် ဦးမျိုးမြင့်ဦး၊ အတွင်းရေးမှူးအဖြစ် ဦးကွယ်ရယ်ဖိုး၊ ဘဏ္ဍာရေးမှူး အဖြစ် ဒေါ်အေးအေးလှိုင်တို့အား လျှို့ဝှက်မဲဖြင့် ရွေးချယ်အတည်ပြုကြသည်။ ယင်းနောက် ခရိုင်ပါတီ ဥက္ကဋ္ဌအသစ်မှ နှုတ်ခွန်းဆက် စကားပြောကြားပြီး၊ အခမ်းအနားကို နံနက်(၁၀း၂၀)အချိန်တွင် ကြွေးကြော်သံများဖြင့် အောင်မြင်စွာ ရုပ်သိမ်းခဲ့သည်။

ကယားလေး ( လွိုင်ကော် )


Leave a Reply