နှစ်အလိုက် သက်တမ်းရှိ ငွေတိုက်စာချုပ်အသစ်များ စက်တင်ဘာတွင် ထုတ်ရောင်းမည်

သက်တမ်း ၂ နှစ်၊ သုံးနှစ်၊ ငါးနှစ် စသဖြင့် နှစ်အလိုက် သက်တမ်းရှိ ငွေတိုက်စာချုပ် (Bond) အသစ်များကို ပုဂ္ဂလိကဘဏ်များနှင့် စီးပွားရေး လုပ်ငန်းရှင်များထံသို့ စက်တင်ဘာလတွင် စတင်ထုတ်ရောင်းမည် ဖြစ်ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာနမှ အမြဲတမ်း အတွင်းဝန် ဦးမောင်မောင်ဝင်းက ပြောကြားသည်။

စက်တင်ဘာလတွင် စတင်ရောင်းချမည် ဆိုသော်လည်း ပမာဏ မည်မျှရောင်းချမည်ကို တွက်ချက်နေဆဲ ဖြစ်ကြောင်း၊ ငွေတိုက်စာချုပ်များကို တစ်နှစ်လျှင် ခြောက်လ တစ်ကြိမ်စီဖြင့် နှစ်ကြိမ်ခွဲ၍ အတိုးပေးမည် ဖြစ်ပြီး ယခုနှစ်တွင် စာချုပ်အရောင်းအဝယ်ပေါ် မူတည်၍ အတိုးနှုန်း ပြောင်းလဲမည့် အစီအစဉ် ရှိကြောင်း ၎င်းက ရှင်းပြသည်။
“အရင်က Bond တွေကို နေ့စဉ် ရောင်းတာ။ အခု တစ်လကို တစ်ကြိမ်စီ ထုတ်ရောင်းဖို့ လျာထားဆဲဖြစ်တယ်။ အတိုးနှုန်းက ရောင်းအားများရင်တော့ အရင်အတိုးနှုန်း အတိုင်းပဲ ထားမယ်။ ရောင်းအားနည်းရင် အတိုးနှုန်း တိုးပေးသွားဖို့ ရှိတယ်” ဟု ၎င်းက ဆိုသည်။

လက်ရှိတွင် ငွေတိုက်လက်မှတ်များကို တစ်လလျှင် နှစ်ကြိမ် လေလံစနစ်ဖြင့် ရောင်းချပေးနေပြီး ငွေတိုက်စာချုပ် (Bond) များကိုလည်း ယခုနှစ်မှစ၍ လေလံစနစ်ဖြင့် ရောင်းချရန် စီစဉ်ထားကြောင်း၊ ယခင်ရောင်းချထားသည့် စာချုပ်အဟောင်းများကိုလည်း သက်တမ်းပြည့်ချိန်တွင် စနစ်သစ်ဖြင့် ဆက်လက်ရောင်းချမည် ဖြစ်ကြောင်း ဦးမောင်မောင်ဝင်းက ပြောကြားသည်။

လက်ရှိတွင် အစိုးရ၏ ငွေတိုက်စာချုပ် အရောင်းအဝယ်ပေါ်တွင် အခွန်ကောက်ခံရန်အတွက် အခွန်နှုန်းထား သတ်မှတ်ထားခြင်း မရှိသောကြောင့် ရောင်းချမည့် အချိန်ကာလအမီ အခွန်နှုန်းထား သတ်မှတ်နိုင်ရန် ဆွေးနွေးနေဆဲဖြစ်ကြောင်း၊ ဗဟိုဘဏ်က ငွေတိုက်စာချုပ် ဝယ်ယူသူများသို့ ပေးမည့် အတိုးနှုန်းမှာ ၇ ဒသမ ၅ ရာခိုင်နှုန်းဟု သတ်မှတ်ထားသော်လည်း ဝယ်ယူသူများ အနေနှင့် ၎င်းတို့လိုချင်သည့် အတိုးနှုန်းထား တစ်ရပ်ကိုလည်း တင်ပြနိုင်ကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

အစိုးရအနေနှင့် ငွေတိုက်စာချုပ်များ ရောင်းချခြင်းမှာ ငွေကြေးဈေးကွက် အတွင်းရှိ ငွေကြေးဖောင်းပွမှုကို အထိုက်အလျောက် လျှော့ချရန်ဖြစ်ကြောင်း၊ ယခုနှစ်တွင် စာချုပ်များကို နေ့စဉ်မရောင်းဘဲ တစ်လတစ်ကြိမ် ရောင်းချရန် စီစဉ်ခြင်းမှာ အစိုးရဝင်ငွေ ပိုလျှံနေခြင်းကြောင့်လည်း ဖြစ်နိုင်ကြောင်း ကမ္ဘောဇဘဏ်၏ အကြီးတန်းအကြံပေး ဦးသန်းလွင်က သုံးသပ်ပြောကြားသည်။

အစိုးရ ငွေတိုက်စာချုပ်များကို ဗဟိုဘဏ်မှ တစ်ဆင့် အများပြည်သူထံသို့ ၁၉၉၃ ခုနှစ်မှ စတင်ရောင်းချခဲ့ကာ လက်ရှိအချိန်အထိ ရောင်းချခဲ့သည့် ပမာဏမှာ ကျပ်သုံးထရီလီယံခန့် ရှိကြောင်း ဗဟိုဘဏ်ထံမှ သိရသည်။

The Voice Weekly


Leave a Reply