အစိုးရသစ်လက်ထက် ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ၏ နိုင်ငံရေးပါတီ အစုအဖွဲ့ကိုယ်စားလှယ်များ ပြန်လည်ရွေးချယ်

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) အရ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများနှင့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံတို့ ကျင်းပနိုင်ရေး ဦးဆောင်တာဝန်ယူရမည့် ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) ၏ နိုင်ငံရေးပါတီအစုအဖွဲ့ ကိုယ်စားလှယ်များကို ပြန်လည်ရွေးချယ်ပြီး ဖြစ်သည်ဟု UPDJC ၏ နိုင်ငံရေးပါတီအစုအဖွဲ့ ဒုတိယဥက္ကဋ္ဌ ဒီမိုကရက်တစ်ပါတီ (မြန်မာ) ပါတီဥက္ကဋ္ဌ ဦးသုဝေက ဇွန် (၁၄) ရက်တွင် ပြောကြားသည်။

??????????????????????????????????????????????????????????

မေ ၂၇ ရက်က နေပြည်တော်တွင်ပြုလုပ်သည့် ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှုပူးတွဲကော်မတီအစည်းအဝေးကို တွေ့ရစဉ်

UPDJC ကို ယခင်အစိုးရလက်ထက်တွင် အစိုးရ၊ လွှတ်တော်၊ တပ်မတော်အစုအဖွဲ့မှ ကိုယ်စားလှယ် (၁၆) ဦး၊ NCA လက်မှတ်ထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအစုအဖွဲ့မှ ကိုယ်စားလှယ် (၁၆) ဦး၊ နိုင်ငံရေးပါတီအစုအဖွဲ့ ကိုယ်စားလှယ် (၁၆) ဦး စုစုပေါင်း (၄၈) ဦးဖြင့် ဖွဲ့စည်းခဲ့ခြင်းဖြစ်ရာ အစိုးရသစ်အနေဖြင့် မေလတွင် UPDJC ကို ပြန်လည်ဖွဲ့စည်းခဲ့ပြီး နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က UPDJC ဥက္ကဋ္ဌအဖြစ်တာဝန်ယူခဲ့သည်။

UPDJC နိုင်ငံရေးပါတီအစုအဖွဲ့ကိုယ်စားလှယ်များ ပြန်လည်ဖွဲ့စည်းခြင်းကို အစိုးရက ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ရွေးကောက်ပွဲတွင် အနိုင်ရခဲ့သည့် ပါတီများထဲမှ ကိုယ်စားလှယ်များကို ရွေးချယ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဦးသုဝေက “အနိုင်ရတဲ့ ပါတီက (၂၂) ပါတီရှိတယ်။ ကျွန်တော်တို့က ကိုယ်စားလှယ် (၁၆) ယောက် ရွေးပေးရမယ်။ နောက်ပြီးတော့ ကျွန်တော်တို့ အရင်ရွေးထားတဲ့ အကြံပေးရှစ်ယောက်ဆိုတာ ရှိတယ်။ ကိုယ်စားလှယ် (၁၆) ယောက် ရယ် အကြံပေး ရှစ်ယောက်ရယ်ဆိုတော့ (၂၄) ယောက်ပေါ့။ သူတို့က ရွေးဖို့ဟာက နိုင်ငံရေးပါတီ (၂၂) ခုထဲက တစ်ယောက်ဆီဆိုတော့ (၂၂) ယောက် ဖြစ်သွားရောပေါ့။ ကျန်တဲ့နှစ်ယောက်ကတော့ NLD နဲ့ ကြံ့ခိုင်ရေးနဲ့ပေါ့။ NLD က နှစ်ယောက် ကြံ့ခိုင်ရေးကနှစ်ယောက် ကျန်တဲ့ပါတီတွေက တစ်ယောက်ဆီပေါ့။ ကျွန်တော်တို့ဆီကို တချို့စာရင်း တွေရောက်လာတယ်။ နိုင်ငံရေးပါတီ (၁၆) ယောက်ထဲက (၁၂) ယောက်ရဲ့ စာရင်းရတယ်။ လေးယောက်ကတော့ ပါတီ တွေတော့ ရှိတယ်။ သူတို့ ကိုယ်စားလှယ်နာမည် မရသေးဘူး”ဟု ပြောကြားသည်။

ဆက်လက်၍ ၎င်းက “တစ်ခုပဲရှိတယ်။ မသေချာသေးတာက သူတို့အဲဒါကိုတော့ လက်ခံလိုက်တယ်။ အကြံပေး ရှစ်ယောက်ကိုတော့ သဘောတူ မတူမပြောတတ်သေးဘူး။ ကျွန်တော်ကတော့ သဘောတူမယ်ထင်တယ်။ သူတို့ လည်းပဲ အနိုင်ရထားတဲ့ပါတီတွေကိုး” ဟု ဆိုသည်။ ယခင်အစိုးရလက်ထက်တွင် UPDJC နိုင်ငံရေးပါတီအစုအဖွဲ့တွင် ကိုယ်စားလှယ် (၁၆) ဦး၊ အကြံပေးရှစ်ဦးဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်သည်။

အစိုးရသစ်လက်ထက်တွင် ပြန်လည်ဖွဲ့စည်းခဲ့သည့် UPDJC ကိုယ်စားလှယ်များမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီမှ ဦးဉာဏ်ဝင်း၊ ဦးထွန်းထွန်းဟိန်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ဦးမြင့်စိုးနှင့် ဒေါက်တာ မောင်မောင်ဌေး၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်မှ ဦးစိုင်းကျော်ညွန့်၊ ရခိုင်အမျိုးသားပါတီမှ ဒေါက်တာ အေးမောင်၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီမှ ဒေါက်တာမင်းနွယ်စိုး၊ ကရင်ပြည်သူ့ပါတီမှ ဦးစောထွန်းအောင်မြင့်၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီမှ ဦးသိန်းထွန်း၊ ကချင်ပြည်နယ် ဒီမိုကရေစီပါတီမှ ဒေါက်တာ မနာမ်တူးဂျာ၊ ပလောင်အမျိုးသားပါတီမှ တာလှဖေ၊ ဒီမိုကရက်တစ်ပါတီ (မြန်မာ) မှ ဦးသုဝေတို့ ဖြစ်ပြီး ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်၊ ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်၊ လီဆူးအမျိုးသားတိုးတက်ရေးပါတီ၊ မွန်အမျိုးသားပါတီတို့မှ ကိုယ်စားလှယ်အမည်စာရင်း မရရှိ သေးကြောင်း ဦးသုဝေက ပြောကြားသည်။

UPDJC တွင် အကြံပေးအဖြစ်ပါဝင်ရန် စာရင်းပေးထားသည့် ပါတီများမှာ “၀” ဒီမိုကရက်တစ်ပါတီ၊ လားဟူ အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ ကိုးကန့်ဒီမိုကရေစီနှင့် ညီညွတ်ရေးပါတီ၊ တိုင်းလိုင် (ရှမ်းနီ) အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ “၀” အမျိုးသားစည်းလုံးညီညွတ်ရေးပါတီ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ၊ စည်းလုံးညွတ်ရေးနှင့် ဒီမိုကရေစီ ပါတီ (ကချင်ပြည်နယ်)၊ အာခါ အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ တို့ဖြစ်ကြောင်း သိရသည်။

UPDJC နိုင်ငံရေးပါတီ အစုအဖွဲ့ကိုယ်စားလှယ်စာရင်းတွင် အမည်စာရင်းပါဝင်သူ ကချင်ပြည်နယ် ဒီမိုကရေစီပါတီဥက္ကဋ္ဌ ဒေါက်တာမနာမ်တူးဂျာက “ကျွန်တော် ပြန်ပါသလား မပါသလား မသိရသေးဘူး။ ၁၆ ဦးစာရင်းထဲမှာ ပါလာတယ်ဆိုရင် ကောင်းပါတယ်။ အကျိုးအကြောင်းတော့ ဘာမှမကြားရသေးဘူး။ ပြန်ဖွဲ့စည်းမယ်ဆိုတာကိုတော့ ကျွန်တော်သိတယ်။ ပါလာတယ်ဆိုရင် လုပ်ရမှာပေါ့။ နောက်ကျင်းပမယ့် ညီလာခံအပေါ်မှာ အားလုံးစိတ်ဝင်စားမှု ရှိပါတယ်။ အန်ကယ် တို့လည်း အပြည့်အ၀အားပေးနေတယ်။ အရေးကြီးတာဖြစ်တဲ့အတွက်ကြောင့် အန်ကယ်တို့ ၀ိုင်းလုပ်ကြတာပေါ့”ဟု ဆိုသည်။

ဒေါက်တာ မနာမ်တူးဂျာသည် ယခင်က UPDJC  နိုင်ငံရေးပါတီအစုအဖွဲ့တွင် အကြံပေးအဖြစ် ဆောင်ရွက်ခဲ့သူ ဖြစ် သည်။

အစိုးရသစ် လက်ထက်တွင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ဒေါ်အောင်ဆန်းစုကြည်က ဦးဆောင်၍ လုပ်ဆောင်နေ ခြင်းဖြစ်ပြီး ယခုနှစ် ဇူလိုင်လကုန် သို့မဟုတ် သြဂုတ်လတွင် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- ၂၁ ရာစုပင်လုံ ကျင်းပ နိုင်ရေးအတွက် ဆောင်ရွက်လျက် ရှိသည်။

အဆိုပါညီလာခံ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် အစိုးရကိုယ်စားလှယ်အဖွဲ့အနေဖြင့် NCA လက်မှတ်ထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များ၊ လက်မှတ်မထိုးရသေးသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် တွေ့ဆုံ ညှိနှိုင်းလျက်ရှိသည်။

Eleven Media Group


Leave a Reply