သမ္မတဟောင်း ဦးသိန်းစိန်နှင့် ဝန်ကြီးဟောင်း ဦးစိုးသိန်းတို့ ကျောက်မျက် ရန်ပုံငွေ ဒေါ်လာသန်း ၈ဝ အလွဲသုံးစား လုပ်ခဲ့သည်ကို မတွေ့ရဟု ၀န်ကြီးဌာနစစ်ဆေးရေးအဖွဲ့ဆို

ကျောက်မျက်ရန်ပုံငွေ အမေရိကန်ဒေါ်လာသန်း ၈ဝ ကို သမ္မတဟောင်း ဦးသိန်းစိန်နှင့် ဝန်ကြီးဟောင်း ဦးစိုးသိန်းတို့ အလွဲသုံးစားလုပ်ခဲ့သည်ကိုမတွေ့ရကြောင်း တိုင်တန်းမှုကိုစစ်ဆေးခဲ့သည့် ညွှန်ကြားရေးမှူးချုပ် ဦးဝင်းထိန်က Popular News ကိုပြောသည်။

၎င်းသည် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနမှ သတ္တုတွင်းကိစ္စနှင့်ပတ်သက်၍ ပြောရေး ဆိုခွင့်ရှိသူဖြစ်ပြီး ၎င်းဦးဆောင်သော ခုံရုံးအဖွဲ့ဖြင့် ၁ဝ ရက်ကျော်ကြာစစ်ဆေးပြီးနောက် ထွက်ပေါ်လာသည့်အဖြေကို ဇွန်လ ၇ ရက်နေ့ ညနေ ပိုင်းက ပြောဆိုလိုက်ခြင်းဖြစ်သည်။ ”အလွဲသုံးစားလုပ်တာ လုံးဝကိုမတွေ့ရပါဘူး”ဟု ဦးဝင်းထိန် က ဆိုသည်။

ကျောက်မျက်လုပ်ငန်းရှင်များအသင်းချုပ်မှ ဒုတိယဥက္ကဋ္ဌနှင့် ဗဟိုအလုပ်အမှုဆောင်အချို့ အပါအဝင် အသင်းသား ၈၁ ဦးတို့ လက်မှတ်ရေးထိုးထားသည့် တိုင်ကြားလာသောစာတွင် အမေရိကန်ဒေါ်လာ သန်း ၈ဝ ကို သမ္မတဟောင်း ဦးသိန်းစိန်၊ ဝန်ကြီးဟောင်း ဦးစိုးသိန်း နှင့် အသင်းချုပ်ဥက္ကဋ္ဌ ဦးယောမူ တို့ပေါင်းပြီး အလွဲသုံးစားလုပ်ခဲ့သည်ဟု အချက်အလက်နှင့်ဖော်ပြထားသည်။

”ဒါတွေကို ကျွန်တော်တို့စစ်ဆေးပြီးပါပြီ။ ရလဒ်ကို ဝန်ကြီးဆီကို ဒီနေ့ပဲ (ဇွန်လ ၇ ရက်နေ့) တင်ပြဖို့လုပ်နေပါပြီ။ အထောက်အထား စာရွက်စာတမ်းတွေ အများကြီးနဲ့ပါ”ဟု ဦးဝင်းထိန်က ပြောသည်။

စစ်ဆေးမှုတွင် တိုင်ကြားထားသူများထဲမှ အဓိကကျသူများ၊ ဝန်ထမ်းများ၊ ပါဝင်ဆက်နွှယ်သည်ဟု ဖော်ပြထားသူ စသဖြင့် စုစုပေါင်း ၁၉ ယောက်ကို စစ်ဆေးခဲ့သည်ဟု ၎င်းထံမှသိရသည်။

စစ်ဆေးခဲ့မှုရလဒ်အဖြေတွင် သတ္တုတွင်းဝန်ထမ်းတို့သည်လည်း တိုင်ကြားမှုထဲ၌ ပါဝင်ပတ်သက်ကာ အလွဲသုံးစားလုပ် ခဲ့မှုမရှိခဲ့ဟုဆိုသော အဖြေကိုပါရခဲ့ကြောင်း၊ ထိုအဖြေရလဒ်တို့ကို သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းက မည်ကဲ့သို့ဆက်လုပ်မည်ကို သူမသိသေး၍ လတ်တလောအချိန်တွင် မပြောနိုင်သေးဟု ၎င်းကဆက်ပြောသည်။

Popular News Journal


Leave a Reply