ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနက လုပ်ငန်းရှင်များနှင့် လစဉ် တွေ့မည်

စက်တင်ဘာကစတင်ပြီး ရင်းနှီးမြှုပ်နှံမည့် လုပ်ငန်းရှင်များကို လစဉ်အင်္ဂါနေ့တိုင်း ကဏ္ဍအလိုက် တွေ့ဆုံဆွေးနွေးမည်ဖြစ်ကြောင်း ရင်းနှီး မြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနက ဩဂုတ် ၂၆ ရက်တွင် ထုတ်ပြန်ကြေညာသည်။ ၂၀၁၆ အတွင်း ပြဋ္ဌာန်းခဲ့သည့် ရင်းနှီးမြှုပ်နှံမှုဥပဒေသစ်အရ လုပ်ငန်းရှင်များအတွက် လုပ်ငန်းအဆိုပြုလွှာနှင့် အတည်ပြုလွှာများ အခက်အခဲမရှိစေရန် ရည်ရွယ်ခြင်း ဖြစ်ကြောင်း အဆို ပါကြေညာချက်တွင် ပါရှိသည်။

‘‘ဥပဒေသစ်အရ တင်ပြတဲ့ လုပ်ငန်းရှင်တွေ အခက်အခဲမဖြစ်အောင် ပိုပြီးနားလည်အောင် ကဏ္ဍအလိုက် ဥပဒေအသစ်ကို နားလည်အောင် အချိန်ပေးပြီးလုပ်တာ’’ ဟု ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသန်းအောင်ကျော်ကပြောသည်။ လစဉ်လတစ်လ၏ ပထမ သီတင်းပတ် အင်္ဂါနေ့တွင် စိုက်ပျိုးရေး၊ မွေးမြူရေး၊ စားသောက်ကုန်နှင့် သစ်အချောထည်လုပ်ငန်းများအတွက် တွေ့ဆုံမည် ဖြစ်သည်။ ဒုတိယသီတင်းပတ်အင်္ဂါနေ့တွင် လုပ်ခစားစနစ်ဖြင့် လုပ်သည့်လုပ်ငန်းများနှင့် စက်မှုကဏ္ဍတို့ဖြစ် သည်။ တတိယ သီတင်းပတ် အင်္ဂါနေ့တွင် အိမ်ရာဆောက်လုပ်ရေး၊ စက်မှုဇုန်၊ ပို့ဆောင်ရေး၊ ဆက်သွယ်ရေး၊ ဟိုတယ်နှင့်ဆောက်လုပ်ရေးလုပ်ငန်းများကို ခွင့်ပြုမည်ဖြစ်သည်။ နောက်ဆုံး စတုတ္ထသီတင်းပတ်အင်္ဂါနေ့တွင် စွမ်းအင်၊ လျှပ်စစ်၊ သတ္တုနှင့် အခြားဝန်ဆောင်မှုများ ခွင့်ပြုပေးမည်ဟု ဦးစီးဌာနက ထုတ်ပြန်ထားသည်။

တွေ့ဆုံရာတွင် ကဏ္ဍအလိုက် ညွှန်ကြားရေးမှူးပါဝင်မည်ဖြစ်ပြီး လုပ်ငန်းရှင်များအနေဖြင့် မိမိလုပ်ငန်းအတွက် လိုအပ်ချက်များကို စုံစမ်းနိုင် ကြောင်း ဦးသန်းအောင်ကျော်ကပြောသည်။ တွေ့ဆုံလိုသည့် လုပ်ငန်းရှင်များသည် လုပ်ငန်းရှင်ကိုယ်တိုင်ဖြစ်စေ၊ ဒါရိုက်တာတစ်ဦးဖြစ် စေကိုယ်တိုင်တက်ရောက်ရမည်ဖြစ်ကြောင်း ဦးစီးဌာနက ထုတ် ပြန်ထားသည်။

မြန်မာနိုင်ငံတွင် ၂၀၁၇-၁၈ ဘဏ္ဍာနှစ် ပထမသုံးလအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုသည် ကန်ဒေါ်လာ (သုံး ဘီလီယံ) ၀င်ရောက်ထားပြီး အဓိကအားဖြင့် ကုန်ထုတ်လုပ်မှုနှင့်ဝန်ဆောင်မှုကဏ္ဍများ၌ အများဆုံး ၀င်ရောက်ထားသည်။ ရင်းနှီးမြှုပ်နှံမှုအများ ဆုံးဝင်ရောက်ထားသည့် နိုင်ငံသည် စင်ကာပူနိုင်ငံဖြစ်ပြီးတရုတ်နှင့် နယ်သာလန်နိုင်ငံတို့လည်း အစဉ်လိုက် အများဆုံးရင်းနှီးမြှုပ် နှံထားသည်။