ထိုင်းရှိ မြန်မာအလုပ်သမားများအား နိုင်ငံကူးလက်မှတ်နှင့် CI ထုတ်ပေးရန် ဝန်ဆောင်မှုပေးမည့် ကုမ္ပဏီများကို တင်ဒါခေါ်

 

ထိုင်းနိုင်ငံရှိ နေရာခြောက်နေရာတွင် မြန်မာအလုပ်သမားများအား နိုင်ငံကူးလက်မှတ်နှင့် CI (မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ်) ထုတ်ပေးရန် ဝန်ဆောင်မှု (Ser-vice Provider) ပေးမည့် ကုမ္ပဏီများကို အလုပ်သမားဝန်ကြီးဌာနက တင်ဒါခေါ်ယူမည်ဖြစ်ကြောင်း သတင်းရရှိသည်။

လုပ်ငန်းလုပ်ကိုင်လိုသူ ကုမ္ပဏီများသည် ထိုင်းနိုင်ငံအတွင်း ခြောက်နေရာတွင် ရုံးလုပ်ငန်းနှင့် အလုပ်သမားများကို ကူညီဆောင်ရွက်မှုများ လုပ်ဆောင်ရမည်ဟု အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ သိရသည်။

‘‘အဓိကက နည်းပညာကုမ္ပဏီတွေခေါ်တာပါ။ ထုတ်ပေးတဲ့ကတ်တွေကို အတုအပမလုပ်နိုင်တဲ့ ကုမ္ပဏီမျိုးပါ။ သူတို့အချက်အလက်တွေကို တင်ပြခိုင်းတာပါ’’ဟု အဆိုပါဝန်ကြီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးညွန့်ဝင်း က ပြောသည်။

လုပ်ကိုင်လိုသူများသည် ပြည်တွင်းကုမ္ပဏီများသာ ဖြစ်ရမည်ဖြစ်ပြီး နေရာခြောက်နေရာစလုံးအတွက် လုပ်ကိုင်ခွင့် တင်နိုင်ကြောင်း ၎င်းကပြောသည်။ တင်ပြသည့်ကုမ္ပဏီ၏အချက်အလက်၊ နည်းပညာနှင့် ကုန်ကျစရိတ်များအပေါ် မူတည်၍ ရွေးချယ်မည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။ ထိုသို့လုပ်ကိုင်လိုသည့် ကုမ္ပဏီများ သည် ဩဂုတ် ၁၅ ရက်မှ ၁၉ ရက်အထိ ဝန်ကြီးဌာနသို့ ဆက်သွယ်ရမည်ဟု ကြေညာထားသည်။

ထိုင်းနိုင်ငံမှ မြန်မာလုပ်သားများကို လက်ရှိတွင် ထုတ်ပေးထားသော ယာယီနေထိုင်အလုပ်လုပ်ကိုင်ခွင့်လက်မှတ် များအစား နိုင်ငံကူးလက်မှတ် (သို့မဟုတ်) CI (Certificate of Identity) တို့ကိုအလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက ထုတ်ပေးရန် စီစဉ်နေခြင်းဖြစ်သည်။ ထိုသို့ထုတ်ပေးရန် စီစဉ်ထား သည့်နေရာများမှာ ဘန်ကောက်၊ စမုတ်စခွန် (မဟာချိုင်)၊စမုတ်ပရာကန်၊ မယ်ဆိုင်၊ မဲဆောက်နှင့်ရနောင်းတို့ ဖြစ်ကြောင်းအဆိုပါ ဝန်ကြီးဌာနက ဆိုသည်။

ထိုင်းနိုင်ငံတွင် မြန်မာအလုပ်သမားဦးရေ နှစ်သန်းကျော် နေထိုင်လုပ်ကိုင်နေပြီး တစ်လလျှင် မြန်မာနိုင်ငံမှ လုပ်သား ဦးရေတစ်သောင်းကျော် သွားရောက်အလုပ်လုပ်ကိုင်နေသည်။

7 Day Daily


Leave a Reply