ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးကို လက်ရှိလေး လမ်းသွားစနစ်မှ ရှစ်လမ်းသွားစနစ်အဖြစ် ယခုအစိုးရ သက်တမ်းအတွင်း အပြီးတည်ဆောက်မည်ဖြစ်ကြောင်း သတင်းရရှိသည်။


‘‘အခုငါးနှစ်အတွင်းမှာ ပြီးအောင်ဆောင်ရွက်မှာပါ။ ဒီစီမံကိန်းကို အကောင်အထည်ဖော်ဖို့ ဂျပန်နိုင်ငံအပါအ၀င် သက်ဆိုင်ရာအဖွဲ့အစည်းတွေကို ကမ်းလှမ်းထားပြီးဖြစ်ပါတယ်။ ရန်ကုန်-မန္တလေး အမြန်လမ်းကြီးပေါ်မှာ လက်ရှိ အချိန်အထိ တစ်ဖက်နှစ်လမ်းသွားစနစ် ခင်းထားပါတယ်။ အမြန်လမ်းကို ဆောင်ရွက်ပြီးတဲ့အခါမှာ ယာဉ်ကြော တစ်ဖက်ကို လေးလမ်းသွားဖြစ်သွားမယ်’’ ဟု နေပြည်တော်ရှိ ဆောက်လုပ်ရေးဝန်ကြီးဌာန၌ ဇွန်လ (၇) ရက်က ကျင်းပသည့် ရက်တစ်ရာစီမံကိန်းနှင့်ပတ်သက်၍ ရှင်းလင်းပွဲတွင် အမြဲတမ်းအတွင်းဝန် ဦးကျော်လင်းက ပြောကြား ခဲ့သည်။

ထို့အပြင် လမ်းလယ်ကျွန်းများနှင့် မော်တော်ကားတာယာ များပွတ်တိုက်မိ၍ တာယာရုတ် တရက်ပွင့်ထွက်ကာ ယာဉ်မတော်တဆဖြစ်ပွားမှုများရှိနေသဖြင့် အန္တရာယ်လည်းမဖြစ်စေရန် ဆောင်ရွက်မည်ဟု ဦးကျော်လင်းက ပြောသည်။

‘‘လမ်းလယ်ကျွန်းက ဘ လောက်တုံးတွေကို လှီးဖြတ်မယ်။ လမ်းလယ်ကျွန်းရဲ့ တစ်ဖက်တစ်ချက်စီမှာ ၁ ဒသမ ၅ မီတာ လောက် Shoals (ရေကျော်သောင်ခုံ) တွေထည့်လိုက်ရင် အတော့်ကို အန္တရာယ်ကင်းမယ်’’ ဟု အမြဲတမ်း အတွင်းဝန်ကဆိုသည်။

လမ်းတိုးချဲ့ခြင်း၊ လမ်းလယ်ကျွန်းများ အန္တရာယ်ကင်းရှင်းစေရန် ဆောင်ရွက်ခြင်းများပြီးစီးပါ ကလမ်းမကြီး၏ တစ်ဖက်တစ်ချက်စီတွင် ခြံစည်းရိုးများကာရံမည်ဖြစ်ကာ ယင်းခြံစည်းရိုးများ၏အပြင်၌ အမြန်လမ်းမကြီး၏ လမ်းဘေးဝဲယာရှိ ကျေးရွာများမှ စက်ဘီး၊ ဆိုင်ကယ်များအသုံးပြုနိုင်ရန် လမ်းတစ်လမ်းပြုလုပ်ပေးမည်ဖြစ်သည်။

ရန်ကုန်-မန္တလေးအမြန် လမ်းမကြီးကို တစ်ရက်လျှင် မော်တော်ယာဉ်စီးရေ တစ်သောင်းခန့် အသွားအပြန် အသုံးပြု နေပြီး လမ်းအသုံးပြုခ ကောက်ခံကြေးငွေ ကျပ်သိန်း ၄၈၀မှ သိန်း ၅၀၀ အတွင်း ကောက်ခံရရှိနေကြောင်း ထုတ်ပြန်ထားသည့် စာရင်းများအရ သိရသည်။

7 Day DAily


Leave a Reply