အရည်အချင်းပြည့်ဝသော အတွေးအခေါ်သစ်များဖြင့် ပြောင်းလဲမှုကို စတင်ပါ

အရပ်သားအစိုးရဆိုသော အစိုးရသစ် တက်လာသည်။
ရက်(၁ဝဝ) ခရီးဖြင့် အစပြု တာထွက်နေပါသည်။
အနှစ်နှစ်အလလ လိုအပ်ချက်များကို ပြည်သူတို့အတွက် ရက်ပိုင်းအတွင်း အဆင်ပြေအောင် ဖြေရှင်းပေးနိုင်ခြင်းမရှိနိုင်သည်ကို ပြည်သူများက နားလည်ပေးနိုင်သည်။
ထို့အတူ နားလည်ပေးကြသည်။
ရက်ပိုင်းအတွင်း ဖြေရှင်းနိုင်ခြင်း မရှိသည်ကို နားလည်ပေးနိုင်သော်လည်း လာမည့်နှစ်ပိုင်း အထူးအားဖြင့် အစိုးရသက်တမ်းကာလအတွင်း မည်မျှ ဖြေရှင်းပေးနိုင်မည်ကို မျှော်မှန်းကြည့်ရန် လိုအပ်သည်။
မြန်မာစကားပုံ ရှိပါသည်။ အပွေးမြင် အပင်သိရပါမည်။
တာထွက်ကာလ အစိုးရယန္တရား မောင်းနှင် ကြမည့်သူများ ခန့်အပ်ခြင်းနှင့် ဝန်ကြီးဌာနများ ပြန်လည် ဖွဲ့စည်းခြင်းတွင် လက်တွေ့ဆောင်ရွက်မှ မလွယ်မှန်း အတွေ့အကြုံရှိသူများက ခန့်မှန်းမိ ပါသည်။
ဝန်ကြီးဌာနများ ပေါင်းစည်းခြင်းတွင် လွယ်လွယ် ပြောရပါက ဌာနနှစ်ခု ပေါင်းပြီဆိုပါက ဦးစီးဦးဆောင်သူမှာ နှစ်ယောက်အစား တစ် ယောက်သာ ခန့်ထားရပါမည်။
ဘဏ္ဍာရေး ရှုထောင့်အရ ငွေကြေးကုန်ကျမှု သက်သာမည်။
ထို့ကြောင့် တိုင်းပြည်တွင် ဘတ်ဂျက်အရ မြန်မာကျပ်ငွေ ငါးဘီလီယံခန့် သက်သာသွားပြီ ဆို၍ ထအော်ကြသည်။ လက်ခမောင်းခတ်ကြပါသည်။
အရာရာတွင် အကြောင်းနှင့်အကျိုး ဆက် စပ်မှုရှိသည်။
အားသာချက်ကိုဖော်ထုတ်ရမည် ဖြစ်သကဲ့သို့ အားနည်းချက် ဘေးထွက်ဆိုးကျိုးကိုလည်း လျှော့မတွက်ရန် လိုပါသည်။
လက်တွေ့တွင် နှစ်ဌာန သုံးဌာန ပေါင်းလိုက်သဖြင့် တစ်ဌာနဖြစ်သွားသော ဝန်ကြီးဌာနများတွင် ဦးစီးဦးဆောင်မည့်သူများ၏ အရည်အချင်း တွင် ဘာသာရပ်နှံ့စပ်မှု၊ စီမံခန့်ခွဲတတ်မှု၊ အတွေ့အကြုံပြည့်ဝမှုများ ပို၍ပို၍ လိုအပ်ပါသည်။
ခန့်အပ်ပေးလိုက်သည့် ကုလားထိုင်ပေါ် တက်ထိုင်ပြခြင်းသည် အရည်အချင်းမဟုတ်ပါ။

တစ်နည်းအားဖြင့် လိုအပ်ချက်အရခန့်ထား ခံရခြင်းသည် အပေါ်ယံအစပြုခြင်းသာဖြစ်သည်။
လက်တွေ့နယ်ပယ်တွင် အောင်မြင်အောင် ဦးဆောင်နိုင်စွမ်းရှိမှသာ အရည်အချင်းစစ်စစ် ဖြစ်သည်။
ပြည်သူအတွက်အကျိုးရှိသော ရလဒ် ဖြစ်ထွန်းရပါမည်။
ကနဦးအစတွင် တိုင်းပြည်ငွေကုန်ကျမှု သက်သာစေရန် ဒုတိယဝန်ကြီးများ ခန့်အပ်ခြင်းမပြုဟု ဆိုသော်လည်း လက်တွေ့တွင် ဝန်ကြီးဌာန အချို့ ခန့်အပ်လာရပြီ ဖြစ်ပါသည်။
ခန့်အပ်ခြင်းကို အပြစ်တင်ခြင်း မဟုတ်ပါ။
ပြည်သူအတွက် လိုအပ်ချက်ရှိက ဆောင်ရွက် ရမည်သာ ဖြစ်သည်။
အရာအရာတွင် လှေနံဓားထစ် လုပ်၍ မရ။ ပြောင်းလွယ် ပြင်လွယ်ရှိရပါမည်။
သို့သော် စိတ်ကူးယဉ်အိပ်မက်တိုင်း၊ အများ ကြိုက် ပြောသောစကားတိုင်း လက်တွေ့တွင် ဖြစ်ချင်မှ ဖြစ်လာတတ်သည့် သဘောကို ပြည်သူ များ သတိထားရန်လိုပါသည်။
စကားအဆို နားဝင်ချိုသော်လည်း ပြည်သူ အတွက် နိုင်ငံအတွက် လက်တွေ့ မကျပါက နိုင်ငံရေး အမြတ်ထုတ်စည်းရုံးခြင်းသာ ဖြစ်ပါမည်။
တာဝန်ယူကြရသည့် အတိုင်းအတာနှင့်တူညီ သော အတွေးအခေါ် အရည်အချင်း စီမံခန့်ခွဲ တတ်မှု မဖြစ်မနေ လိုအပ်ပါသည်။
စက်ဘီးစီး ရုံးတက်ပြခြင်း၊ ရေထမ်းပြခြင်း၊ ဖက်ရွက်ဖြင့် ထမင်းစားပြခြင်း၊ မိလ္လာရေဆေး ပြခြင်း၊ အပူဒဏ် တွန်းလှန်ရန် တည်းခိုဆောင် ပြင်ပထွက်၍ အိပ်ပြခြင်းများသည် ပြည်သူ အတွက် အကျိုးပြုခြင်း မဟုတ်ပါ။
ပြည်သူနှင့်တစ်သားတည်းနေပြခြင်းဆိုသော အတွေးအခေါ်ဖြင့် ရုပ်ရှင်ရိုက်ပြနေခြင်းသာ ဖြစ်ပါ လိမ့်မည်။
သို့သော် ပြည်သူများ၏ မျှော်လင့်ချက်မှာ ရုပ်ရှင်ရိုက်ပြနေသော အတွေးအခေါ်များ၊ အရည် အချင်းများထက် ပို၍မျှော်လင့်ပါသည်။
ခုလို ကြုံတွေ့နေရသော အခက်အခဲများ အကြားက ပြည်သူအတွက် လက်တွေ့ကျကျ အကျိုးပြုမည့် သူရဲကောင်းများကို မျှော်လင့် နေကြခြင်းဖြစ်ပါသည်။
ပါတီ အနိုင်ရရှိရေး ရုပ်ပြကောင်းအောင် မဲဆွယ်စည်းရုံးသည့်ကာလကို ကျော်ဖြတ်ခဲ့ပါပြီ။
ယခုအချိန်တွင် မဲဆွယ်စည်းရုံးစဉ်က ပေးခဲ့ သော ကတိစကားများကို အပြောနှင့်အလုပ် ညီစေရန် အလုပ်ဖြင့်သက်သေပြရန်လိုအပ်ပါသည်။

အမှန်မှာ အပြောနှင့်အလုပ် ကိုက်ညီနေပါက ပြည်သူအတွက် အကျိုးရှိမည်ဖြစ်သလို ဆောင် ရွက်ပေးနိုင်သည့် ပါတီအဖွဲ့အစည်းအတွက် အလိုလို စည်းရုံးပြီးသားဖြစ်ပါလိမ့်မည်။
အစိုးရသစ်၏ တာထွက်ခရီးအစတွင် ပြည် သူနှင့် တစ်သားတည်းပါဆိုသော အသွင်ဖြင့် မဲဆွယ်စည်းရုံးရေး အရှိန်မကုန်သေးသည်ကို တွေ့ရပါသည်။
ယခုအချိန်တွင် ယခင်အစိုးရ ဆောင်ရွက်ခဲ့ သည့် စီမံကိန်းများကို စိစစ်ခြင်းသာမက ဆိုင်းငံ့ ထားသော အမိန့်များ ထုတ်ပြန်နေသည်ကို တွေ့ရပါသည်။
၂ဝ၁၆ ခုနှစ်၊ ဇွန်လ ၅ ရက်နေ့ထုတ် DEMOCRACY Today သတင်းစာပါ ဆောင်းပါး ရှင် ကျော်လင်း (၇၃)၏ အထပ်မြင့် အဆောက်အအုံ တည်ဆောက်ရေးလုပ်ငန်းတွေ ဘယ် လောက်ကြာအောင် ရပ်ထားရမှာလဲ ဆိုသော ဆောင်းပါးမှာ အပြုသဘောဆန်ဆန် ထောက်ပြ ရေးသားထားသည်ကို ဖတ်ရှုရပါသည်။
အမိန့်၊ ဆုံးဖြတ်ချက်၊ ညွှန်ကြားချက်များ ထုတ်ပြန်မည်ဆိုပါက ဖြစ်ပေါ်လာနိုင်သည့် အကျိုးဆက်များကို အပေါ်ယံကြောဖြင့် မမြင်ဘဲ အသေးစိတ်လေးလေးနက်နက် လေ့လာသုံးသပ် ပြီးမှသာ မှန်ကန်သော ဆုံးဖြတ်ချက်များကို ရရှိနိုင်မည်ဟု ယုံကြည်ကြောင်း ဆောင်းပါးရှင် က ဖော်ပြထားပါသည်။
ကျယ်ပြန့်စွာလေ့လာ သုံးသပ်ခြင်းမပြုဘဲ အဖွဲ့အစည်းတစ်ခုခု၏ အမြင်တစ်ဖက်တည်းမှ တင်ပြချက်ကို အခြေတည်၍ ဆုံးဖြတ်ပါက နောက်ဆက်တွဲ ဆိုးကျိုးများဖြစ်ပေါ်စေတတ်ပါ သည်ဟု ဆိုထားပါသည်။
ဤနေရာတွင် အဓိက တင်ပြလိုသည်မှာ အစိုးရသစ်၏ ယန္တရားကို အကောင်အထည်ဖော် ကြသည့် ဌာန၊ ရာထူး အဆင့်အဆင့်တွင် ပါဝင် နေကြသူများသည် ပြည်သူ့အကျိုးစီးပွားကိုသာ အခြေခံ မူတည်ရန်လိုအပ်ပါသည်။ အားလုံး လည်း သိပြီးဖြစ်မည်ဟု မျှော်လင့်ပါသည်။
အတွေးအခေါ်ရှင် ဆိုကရေးတီး၏ အဆိုအရ ပြောင်းလဲခြင်းဆိုသည်မှာ အဟောင်းများကို ဖြို ဖျက်ခြင်း မဟုတ်။
အသစ်အသစ်သော အတွေးအခေါ်များကို တည်ဆောက်ခြင်းသာဖြစ်သည်ဟု ဆိုထားပါ သည်။
ထို့ကြောင့် အစိုးရသစ်၏ ယန္တရားများ လည် ပတ်ရာတွင် အစိုးဟောင်း၏ ဆောင်ရွက်ချက် မှန်သမျှ ဖြိုဖျက်နေမည်ဆိုပါက နောက်ဆက်တွဲ သက်ရောက်မှုများမှာ မည်သူ့ကို ရိုက်ခတ်မည်ကို အလေးထားစဉ်းစားရန်လိုပါသည်။
အစိုးရဟောင်း၏ ဆောင်ရွက်ချက်များ အားလုံး လက်ခံရန် တိုက်တွန်းရေးသားနေခြင်း မဟုတ်ပါ..။
ပြောင်းလဲလာသော အခြေအနေများအရ ဆီလျော်မှု မရှိသော အကြောင်းရပ်များအား ပြုပြင်သင့်က ပြုပြင်ရမည်။

ဝေလွင်မောင်

The Union Daily


Leave a Reply