ကုလသမဂ္ဂတွင် ကမ္ဘာ့ခေါင်းဆောင်များ မြောက်ကိုရီးယားအရေးနှင့် မြန်မာအရေး အဓိကဆွေးနွေးမည်

စက်တင်ဘာ ၁၈ ရက် (ယနေ့) စတင်သည့် ကုလသမဂ္ဂ  အထွေထွေညီလာခံတွင် ကမ္ဘာ့ခေါင်းဆောင်များသည် မြောက်ကိုရီးယား၏ နျူကလီးယား ခြိမ်းခြောက်မှုအရှိန်မြင့်လာခြင်းနှင့် အတူ မြန်မာနိုင်ငံ၏ ရခိုင်ပြည်နယ် အရေးကိစ္စတို့ကို အဓိ ကထားဆွေးနွေးမည်ဖြစ်သည်။

ယခုညီလာခံသို့ ပထမဆုံးတက်ရောက်မည့် အမေရိကန်သမ္မတဒေါ်နယ်ထရန့်နှင့် ပြင်သစ်သမ္မတ မက်ကရွန် တို့အပါအဝင် ကမ္ဘာအရပ်ရပ်မှ ခေါင်းဆောင်များသည် အကြမ်းဖက်ဝါဒ ပျံ့နှံ့မှုနှင့် ရာသီဥတု ပြောင်းလဲမှုတို့ အပြင် အခြားသော နိုင်ငံတကာရေးရာ ကိစ္စရပ်များကို ဆွေးနွေးမည် ဖြစ်သည်။ ကိုးနှစ်အတွင်း မြန်မာနိုင်ငံနှင့် ပတ်သက်သော ပထမဆုံး ကြေညာချက်တွင် လုံခြုံရေးကောင်စီက ပြီးခဲ့သည့်သီတင်းသုံးပတ်အတွင်း ဘင်္ဂလား ဒေ့ရှ်သို့ ဘင်္ဂါလီလေးသိန်းခန့် ထွက်ပြေးခဲ့ရသော အကြမ်းဖက်မှုများကို ပြစ်တင်ရှုတ်ချပြီး အကြမ်းဖက်မှုများ ရပ်တန့်ရေးချက်ချင်းအရေးယူဆောင်ရွက်ရန် တိုက်တွန်းထားသည်။

ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဘောရစ်ဂျွန်ဆန်သည် ယင်းပြဿနာနှင့် ပတ်သက်ပြီး စက်တင် ဘာ ၁၈ ရက်တွင် တံခါးပိတ် အစည်းအဝေးတစ်ရပ်ကို ဦးဆောင်ကျင်းပမည့်ဖြစ်ကာ အစ္စလာမ်မစ် ပူးပေါင်းဆောင်ရွက် ရေးအဖွဲ့ (OIC)၏ အဖွဲ့ဝင်နိုင်ငံများ အစည်းအဝေးကို စက်တင်ဘာ ၁၉ ရက်၌ ကျင်းပမည်ဖြစ် သည်။ စက်တင်ဘာ ၂၁ ရက်တွင် ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိတ်ခ်ဟာဆီနာသည် အထွေထွေညီလာခံသို့ တက်ရောက်ရန် စီစဉ်ထားပြီး ၎င်းတို့နိုင်ငံသို့ ရောက်ရှိနေသော ဘင်္ဂါလီဒုက္ခသည်များနှင့် ပတ်သက်၍ အဓိကတင်ပြဆွေးနွေးမည်ဟု မျှော်လင့် ရသည်။

‘‘ကျွန်မတို့ ငြိမ်းချမ်းရေးကို လိုလားပါတယ်။ ကျွန်မတို့ဟာ ကျွန်မတို့ အိမ်နီးချင်းနိုင်ငံတွေနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးကို အလိုရှိပါတယ်။ ဒါပေမဲ့ မတရား မှုမှန်သမျှကိုတော့ ကျွန်မတို့ သည်းမခံနိုင်ဘူး။ လက်မခံနိုင်ပါ ဘူး’’ဟု မစ္စစ်ဟာဆီနာက ဆိုသည်။ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်ဦး ဆောင်သော ကမ္ဘာ့ခေါင်းဆောင်များသည် မြောက်ကိုရီးယား၏ နျူကလီးယားအန္တရာယ်ကို နံပါတ် (၁)ကိစ္စအဖြစ် ဆွေးနွေး မည်ဖြစ်ပြီး ရခိုင်ပြည်နယ်အရေးသည် အလေးထားဆွေးနွေးမည့်ကိစ္စ များအနက် တစ်ခုပါဝင်နေသည်။

ထို့အပြင် ကမ္ဘာ့ခေါင်းဆောင်များသည် ပါရီရာသီဥတု သဘောတူညီမှုကို အကောင်အထည်ဖော်ရေး၊ အင်တာနက် အသုံးပြု၍ အကြမ်းဖက်တိုက်ခိုက်မှုကို ကာကွယ်ရေး၊ ကမ္ဘာ့ဆင်းရဲ မွဲတေမှုအဆုံးသတ်ရေး၊ အမျိုးသမီးများ စီးပွားရေးတွင် လွတ်လပ်စွာ ပါဝင်နိုင်ရေး၊ ရွှေ့ပြောင်း နေထိုင်မှုနှင့် ပဋိပက္ခကာကွယ် ရေးတို့ကို ဆွေးနွေးမည်ဖြစ်သည်။ ထို့အပြင် ကုလသမဂ္ဂပြုပြင် ပြောင်းလဲရေး ကြေညာချက်တစ် ရပ်ကို နိုင်ငံအားလုံး လက်မှတ်ထိုးကြရန် အမေရိကန်က တိုက် တွန်းထားပြီး ယင်းကိစ္စနှင့် ပတ် သက်၍ ဂူတာရက်စ်နှင့် ထရန့် တို့က ဆွေးနွေးတင်ပြမည် ဖြစ်သည်။

အင်္ဂါနေ့တွင် တရားဝင် စတင်ပြီး စက်တင်ဘာ ၂၅ ရက်၌ အဆုံးသတ်မည့် အထွေထွေ ညီလာခံဝန်ကြီးပိုင်း အစည်းအဝေးနှင့် ပတ်သက်သော အရေးအကြီးဆုံးအချက်သည် ခေါင်းဆောင်များတစ်ဦးချင်း ဆွေးနွေး ခွင့်ရရှိ ခြင်းဖြစ်ကြောင်း ကုလသမဂ္ဂဆိုင်ရာ ဂျာမနီသံအမတ် ခရစ္စတိုက ပြောကြားသည်။ (၇၂)ကြိမ်မြောက် ကုလသ မဂ္ဂအထွေထွေညီလာခံသို့ တက်ရောက်ရန် ဒုတိယသမ္မတ (၂)ဦးဟင်နရီဗန်ထီးယူဦးဆောင်သော မြန်မာ့ ကိုယ်စားလှယ်အဖွဲ့သည် စက်တင်ဘာ ၁၆ ရက်ညက စတင် ထွက်ခွာသွားပြီဖြစ်သည်။

ကိုးကား−အေပီ