စားသုံးရန်မသင့်သော အစားအသောက် ၂၈ မျိုး ဈေးများအတွင်း တွေ့ရှိ

ရန်ကုန်၊ မန္တလေး၊ တောင်ငူ၊ ပဲခူးနှင့် နေပြည်တော်တို့ရှိ ဈေးများမှ အစားအသောက်များအား အများ ပြည်သူစားသုံးရန် သင့်မသင့်ကို FDA (Food And Drug Administration) က ရွေ့လျားဓာတ်ခွဲခန်းဖြင့် လှည့်လည်စစ်ဆေးခဲ့ရာ စားသုံးရန် မသင့်သော အစားအသောက် ၂၈ မျိုး တွေ့ရှိခဲ့ရကြောင်း FDA မှ သိရ သည်။

အောက်တိုဘာလ၊ နိုဝင်ဘာလ နှင့် ဒီဇင်ဘာလများအတွင်းတွင် အထက်ပါ မြို့ကြီးများရှိ ဈေးများမှ အမှတ်တံဆိပ် မပါသော အစား အသောက် အမျိုးပေါင်း ၂,၃၅ဝ နှင့် အမှတ်တံဆိပ် မပါရှိသော အစား အသောက်အမျိုးပေါင်း ၂၁၁ မျိုး စုစုပေါင်း ၂,၅၆၁ မျိုးကို Market Surveillance With Mobile Lab စီမံချက်ဖြင့် လှည့်လည်စစ်ဆေးခဲ့ရာ ယင်းကဲ့သို့ တွေ့ရှိခဲ့ခြင်း ဖြစ်သည်။ ရန်ကုန်မြို့ရှိ ဈေးကြီးများတွင် အစား အသောက်အမျိုးပေါင်း နမူနာ ၃ဝ၉ မျိုးကို စစ်ဆေးခဲ့ရာ စားသုံးရန်မသင့် သော အစားအသောက် အမျိုးပေါင်း ၂၄ မျိုး၊ ပဲခူးမြို့တွင် နမူနာ ၁၄၉ မျိုး ကို စစ်ဆေးခဲ့ရာ စားသုံးရန် မသင့် ၁ဝ မျိုး၊ မန္တလေးတွင် နမူနာ ၄ဝဝ မျိုး စစ်ဆေးခဲ့ရာ စားသုံးရန် မသင့်သော ၂၂ မျိုး၊ နေပြည်တော်တွင် နမူနာ ၃၆၆ မျိုး စစ်ဆေးခဲ့ရာ စားသုံးရန် မသင့် ၄ဝ မျိုးတို့ကို တွေ့ရှိခဲ့ပြီး အမျိုးအစားအားဖြင့် စုစုပေါင်း ၂၈ မျိုးဖြစ်ကြောင်း FDA မှ ညွှန်ကြား ရေးမှူး ဒေါက်တာထွန်းဇော်က ပြော သည်။

စားသုံးရန်မသင့်ကြောင်း တွေ့ရှိ ခဲ့သော အစားအသောက်များတွင် ငါးပိ၊ ချင်းချဉ်၊ မုန်ညှင်းချဉ်၊ မျှစ်ပြုတ်၊ ခေါက်ဆွဲခြောက်၊ ငရုတ်သီးအရောင် တင်မှုန့်၊ ငရုတ်သီး အလှော်မှုန့် အစရှိသည်တို့ ပါဝင်ပြီး ငါးပိ၊ မျှစ်နှင့် အရောင်တင်မှုန့်များတွင် ခွင့်မပြု ဆိုးဆေး၊ ချွတ်ဆေးများ အဓိက ပါဝင် သည်ကို တွေ့ရှိခဲ့ကြောင်း ဒေါက်တာ ထွန်းဇော်က The Trade Times ကို ပြောသည်။

”အမျိုးအစားအားဖြင့်တော့ အဲဒီသုံးမျိုးကို အဓိက တွေ့ရတယ်။ ခွင့်မပြုဆိုးဆေးနဲ့ ပတ်သက်ပြီးတော့ အများဆုံး တွေ့ရတာပေါ့။ ကျန်တာ တွေကတော့ ရောရာတွေပါပဲ” ဟု ဒေါက်တာထွန်းဇော်က ပြောသည်။

Market Surveillance With Mobile Lab စီမံချက်ဖြင့် လှည့်လည် စစ်ဆေးခြင်းကို FDA က ဦးစီးပြီး ကူးသန်းရောင်းဝယ်ရေးနှင့် စားသုံး သူရေးရာဦးစီးဌာန၊ စည်ပင်သာယာ ရေးကော်မတီ၊ ဈေးများဌာနနှင့် ကျန်းမာရေးဦးစီးဌာနတို့က ပူးပေါင်း ဆောင်ရွက်ခြင်းဖြစ်သည်။

ယင်းသို့ လှည့်လည် စစ်ဆေး ခြင်းကို နေပြည်တော်ရှိ ဈေးကြီး များတွင် ဒီဇင်ဘာလ ပထမပတ် အတွင်း၌ ဆောင်ရွက်ခဲ့ပြီးနောက် မကြာသေးမီက ဧရာဝတီတိုင်းသို့ သွားရောက်စစ်ဆေးခဲ့သည်။ ဓာတ်ခွဲ စစ်ဆေးမှုလုပ်ငန်းစဉ်များ မပြီးစီး သေးသည့်အတွက် ဧရာဝတီတိုင်း ဒေသကြီးအတွင်းမှ စစ်ဆေးမှုရလဒ် များကိုမူ ထုတ်ပြန်နိုင်သေးခြင်း မရှိကြောင်း ၎င်းက ပြောသည်။

ဆက်လက်ပြီး ၂ဝ၁၅ ခုနှစ် နှစ်ဆန်းပိုင်းမှစတင်၍ မွန်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် ရှမ်းပြည်နယ်ရှိ ဈေးကြီးများအတွင်းတွင် ရွေ့လျား ဓာတ်ခွဲခန်းဖြင့် လှည့်လည်စစ်ဆေး ရန် စီစဉ်ထားကြောင်း FDA မှ တာဝန် ရှိသူတဦး ပြောကြားချက်အရ သိရ သည်။

စုမွန် (UFL)


Leave a Reply