တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာနကို ဝန်ထမ်းတစ်ထောင်ကျော်ဖြင့် ဖွဲ့စည်းရန်အဆိုပြုထား

တိုင်းရင်းသား လူမျိုးများရေးရာ ဝန်ကြီးဌာနကို တိုင်းဒေသကြီးနှင့် ပြည်နယ်ရုံးများအဆင့်အထိ ဝန်ထမ်း (၁,၁၃၁) ဦးဖြင့် ဖွဲ့စည်းရန် အဆိုပြုထားကြောင်း သတင်းရရှိသည်။

 ပထမအဆင့်အနေဖြင့် ဝန်ကြီးရုံးနှင့် ဦးစီးဌာနနှစ်ခု၏ရုံးချုပ်ကို ဖွဲ့စည်းဆောင်ရွက်နိုင်ရန် ဆောင်ရွက် လျက်ရှိကြောင်း ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

တိုင်းရင်းသားလူမျိုးများ ဒေသဖွံ့ဖြိုးရန် တိုင်းရင်းသားများ၏ အခွင့်အရေးများကို ကာကွယ် စောင့် ရှောက်သည့်ဌာနနှင့် တိုင်းရင်းသားများ၏ စာပေ၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးစံများ ဖွံ့ဖြိုးတိုးတက်ပြီး လွတ်လပ်စွာ လုပ်ပိုင်ခွင့်ရှိလာရန် ဆောင်ရွက်မည့်ဌာနဟူ၍ ဦးစီးဌာနနှစ်ခု ဖွဲ့စည်းမည်ဖြစ်ကြောင်း ဝန်ကြီးဌာနမှသိရသည်။ ဖွဲ့စည်းပုံအဖြစ် ဦးစီးဌာနနှစ်ခုကို တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့်အထိ ဖွင့်လှစ်ဆောင်ရွက်ရန်ရည် မှန်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

‘‘တိုင်းရင်းသားတွေရဲ့ စာပေ၊ စကားယဉ်ကျေးမှုတွေ ထုတ်ဖော်သင်ကြားတတ်မြောက် ချင်တယ် ဆိုရင် ကျန်တဲ့တိုင်းရင်းသားတွေရဲ့ ဘာသာ သာသနာကို မထိခိုက်ဘူးဆိုရင် လွတ်လပ်စွာ သင်ကြားပိုင်ခွင့်ရှိအောင် အခု ဝန်ကြီးဌာနက ကာကွယ်စောင့် ရှောက်ပေးမယ်လို့ တိုင်းရင်းသား တွေကို အသိပေးပါတယ်’’ဟု တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်က နိုင်ငံပိုင်သတင်း မီဒီယာများအား ပြောကြားသည်။

ဦးစီးဌာန နှစ်ခုအောက်တွင် ဦးစီးဆောင်ရွက်မည့် ညွှန်ကြား ရေးမှူးချုပ်နှစ်ဦးအပါအဝင် အရာထမ်း၊ အမှုထမ်း ၅၁၅ ဦး၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့်အထိ ဖွဲ့စည်းလျှင် ဝန်ထမ်းအင်အား ၁,၁၃၁ ဦးဖြင့် ဖွဲ့စည်းဆောင်ရွန်ရန် အဆိုပြုထားကြောင်း ဝန်ကြီးဌာနက ထုတ်ပြန်သည်။

တိုင်းရင်းသားများ၏ အခွင့် အရေးများကို ကာကွယ်စောင့်ရှောက်ရန်၊ တိုင်းရင်းသားများ၏ အရေး ကိစ္စများ၊ အခွင့်အရေးများ ကို ကာကွယ်စောင့်ရှောက်ရန် ‘တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေး ကာကွယ်စောင့် ရှောက်သည့်ဥပဒေ’ကို ၂၀၁၅ ဖေဖော်ဝါရီ ၂၄ ရက်၌အတည်ပြုပြဋ္ဌာန်းခဲ့သည်။

 အဆိုပါဝန်ကြီးဌာနသည် ယခင်အစိုးရလက်ထက်က မရှိခဲ့ ဘဲ  ဦးထင်ကျော်အစိုးရလက် ထက်မှသာ  တိုးချဲ့ဖွဲ့စည်းသည့် ဝန်ကြီးဌာနဖြစ်သည်။ စတင်ဖွဲ့ စည်းစဉ်က တိုင်းရင်းသားရေးရာ ဝန်ကြီးဌာနဟု အမည်ပေးခဲ့သော်လည်း တိုင်းရင်းသားလူမျိုးများ ရေးရာဝန်ကြီးဌာနဟု အမည်ပြန်လည် ပြောင်းလဲ ခဲ့ခြင်းဖြစ်သည်။

7 Day Daily


Leave a Reply