မိုဘိုင်းငွေကြေးစနစ် တစ်ခု စတင်နိုင်ရန်စီစဉ်

13239296_993501120764174_1842228309752297027_n

မိုဘိုင်းငွေကြေး ဝန်ဆောင်မှုစနစ်တစ်ခုကို အာရှစိမ်းလန်းမှုဖွံ့ဖြိုးရေးဘဏ် နှင့် ပြည်တွင်းတွင် ထိုင်းနိုင်ငံ လုပ်ငန်းခွဲ အနေဖြင့် လာရောက်လုပ်ကိုင်နေသော True Money Myanmar တို့ ပူးပေါင်းဆောင်ရွက်နေကြောင်း သိရသည်။ အဆိုပါစနစ်ကို မကြာမီ မိတ်ဆက်မည်ဖြစ်ကြောင်း သိရသည်။“ လုပ်နေတာကတော့ ၂ လ၊ ၃ လလောက် ရှိနေပါပြီ။ target ကတော့ နောက် ၃ လလောက်အတွင်း ထားပေမယ့် အခြေအနေကိုတော့ စောင့်ကြည့်နေတာမို့ သေချာတော့ ပြောလို့မရပါဘူး။ ဆော့ဖ်ဝဲပိုင်း၊ နည်းပညာပိုင်းကျတော့ true ဘက်ကများပါတယ်။

True ဘက်ကလည်း True Money ထိုင်းဘက်တွေဘာတွေနဲ့ ပူးပေါင်းဖို့ရှိတယ်။ ကျွန်တော်တို့ကတော့ လောလော ဆယ် ပြည်တွင်းကိုပဲ စလုပ်မှာပါ။ ပြည်တွင်း အေးဂျင့်တွေနဲ့ပေါင်းပြီး ကျွန်တော်တို့ ဘဏ်ခွဲတွေမှာလည်း True Money ရဲ့ကောင်တာတွေထားပြီး လုပ်နေပါတယ်” ဟု AGD ဘဏ်မှ Head of International Financial Services –FOREX ဦးပြည်စိုးထင်ကပြောသည်။ ကိုယ်စားလှယ်များတိုးချဲ့ပြီး ငွေလွှဲလုပ်ငန်းများကို လုပ်ကိုင်သွားမည် ဖြစ်ကြောင်း၊ True Money အနေဖြင့် ထိုင်း၊ ဗီယက်နမ်၊ ဖိလစ်ပိုင်၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား စသည့်နိုင်ငံများတွင် မိုဘိုင်းငွေကြေးလုပ်ငန်းများ လုပ်ကိုင်နေ ကြောင်း၊ ၂၀၁၇ တွင် မလေးရှား၊ စင်ကာပူနိုင်ငံများနှင့်လည်း လုပ်ကိုင်သွား မည်ဖြစ်ကြောင်း True Money Myanmar ကုမ္ပဏီလီမိတက်မှ မန်နေးဂျင်းဒါရိုက်တာ ကိုထွန်းထွန်းလင်းက ပြောသည်။

“ကျွန်တော်တို့မှာက ထုတ်ကုန်သုံးမျိုးရှိတယ်၊ E-top up အတွက် အခုလောလောဆယ်မှာ MPT တို့ MEC တို့နဲ့ ချိတ်ဆက်လုပ်နေတယ်။ ပြီးတော့ အူရီဒူး၊ တယ်လီနောတို့နဲ့လည်း စမ်းပြီးလုပ်နေတယ်။ နောက် မီတာဘေလ်တို့၊ စည်ပင်ဘေလ်ဆောင်တာတွေကျတော့ True Money ကောင်တာတွေမှာ အခုဆောင်လို့ရပြီ ဆိုတာကို မိတ်ဆက် တယ်။ ပြီးတော့ နောက်ဆုံးလုပ်ထားတာက မိုဘိုင်းမန်းနီးပေါ့၊ ဒါကိုတော့ AGD ဘဏ်နဲ့ ပေါင်းပြီးလုပ်နေတယ်။ အားလုံးပြီးရင် မိတ်ဆက်သွားမှာပါ” ဟုပြောသည်။

အဆိုပါဝန်ဆောင်မှု ဆောင်ရွက်လိုသူများအနေဖြင့် True Money ဖြင့် ချိတ်ဆက်ထားသော AGD ဘဏ်တွင် ငွေကျပ် ၁၀ သိန်းကို ထားရှိရန် လိုအပ်မည်ဖြစ်သည်။


Leave a Reply