မြစေတီကျောက်စာ ကမ္ဘာ့အမွေအနှစ်အဖြစ် သတ်မှတ်ခြင်းအထိမ်းအမှတ် logo စိုက်ထူ

Mya Say Te

ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေဒေသရှိ မြစေတီ (ရာဇကုမာရ်) ကျောက်စာအား ကမ္ဘာ့မှတ်တမ်း အမွေအနှစ်စာရင်းဝင် (MoW) အဖြစ် သတ်မှတ်ခြင်းအထိမ်းအမှတ် Logo စိုက်ထူခဲ့ကြောင်း သိရသည်။

အဆိုပါ အထိမ်းအမှတ် Logo စိုက်ထူပွဲကို မေလ (၂၄) ရက် နံနက်ပိုင်းက ပုဂံရှေးဟောင်း သုတေသနပြတိုက် နှင့် ပုဂံမြို့ဟောင်း မြင်းကပါရပ်ကွက် မြစေတီဘုရား၌ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

ပုဂံမြို့ဟောင်းရှိ မြစေတီ (ရာဇကုမာရ်) ကျောက်စာသည် အေဒီ ၁၂ ရာစု မြန်မာနိုင်ငံ၏ သမိုင်း၊ ဘာသာရေးနှင့် ယဉ်ကျေးမှုတို့အတွက် ထူးခြားထင်ရှားသော စာပေအထောက်အထားဖြစ်ပြီး ကျောက်စာကို အေဒီ ၁၁၁၃ ခုနှစ်တွင် ရေးထိုးခဲ့ခြင်းဖြစ်ကြောင်း၊ ကျောက်စာတိုင်၏ မျက်နှာစာ လေးဖက်တွင် ပျူ၊ မွန်၊ မြန်မာ၊ ပါဠိတို့ကို တစ်ဘာသာစီရေးထိုးထားပြီး သက္ကရာဇ် ပါသည့် အစောဆုံး မြန်မာဘာသာဖြင့် ရေးထိုးထားသော စာပေအထောက်အထားတစ်ခုဖြစ်ကြောင်း၊ မျက်နှာစာ လေးဖက်ရှိပြီး ကျောက်စာတိုင်နှစ်တိုင်ပေါ်၌ ရေးထိုးထားသောဒေသတွင်း အလွန်ရှားပါးသည့် ကျောက်စာဖြစ် ကြောင်း သိရသည်။

အဆိုပါကျောက်စာကို ၁၈၈၆- ၁၈၈၇ ခုနှစ်က ပုဂံမြို့ဟောင်း မြင်းကပါရွာ မြစေတီဘုရားအနီး၌ တွေ့ရှိခဲ့ခြင်းကြောင့် မြစေတီကျောက်စာဟုလည်းကောင်း၊ ရေးထိုးခဲ့သည့် အလှူရှင်ကို အစွဲပြု၍ ရာဇကုမာရ်ကျောက်စာဟု လည်းကောင်း ခေါ်ဆိုကြကြောင်း၊ အေဒီ ၁၂ ရာစုက ရေးသားထားသော ပကတိ အတိုင်းရှိသည့် ကျောက်စာတိုင်ဖြစ်ကြောင်း သိရသည်။

ယင်းမြစေတီ (ရာဇကုမာရ်) ကျောက်စာကို ၂ဝ၁၄ ခုနှစ် မတ် ၃၁ ရက်တွင် ကမ္ဘာ့မှတ်တမ်း အမွေအနှစ်စာရင်းသို့ တင်သွင်းခဲ့ရာ အာရပ်စော်ဘွားများပြည်ထောင်စု အဘူဒါဘီမြို့၌ ၂ဝ၁၅ ခုနှစ် အောက်တိုဘာ (၄) ရက်မှ (၆) ရက်အထိကျင်းပသည့် (၁၂)ကြိမ်မြောက် Memory of the World အစီအစဉ်၏ International Advisory Committee အစည်းအဝေးဆုံးဖြတ်ချက်အရ ယူနက်စကို ညွှန်ကြားရေးမှူးချုပ်က သဘောတူအတည်ပြုခဲ့ပြီး ၂ဝ၁၅ ခုနှစ်Memory of the World International Register စာရင်းဝင်အဖြစ် သတ်မှတ်ခဲ့ကြောင်း သိရသည်။

MOI


Leave a Reply