ဂျီ-၂ဝ အစည်းအဝေးတွင် အခွန်နှင့် အကျင့်ပျက်ခြစားမှုများအကြောင်းဆွေးနွေး

14196035_1751226251784542_7277398494458617830_o

ပေကျင်း စက်တင်ဘာ ၅

ဂျီ-၂ဝ အဖွဲ့ဝင်နိုင်ငံခေါင်းဆောင်များသည် အကျင့်ပျက်ခြစားခြင်းနှင့် အခွန်ကောက်ခံမှု မျှတရေး ဆိုင်ရာများကို ဆွေးနွေးခဲ့ကြောင်း အင်န်အိတ်ခ်ျကေ သတင်းတစ်ရပ်တွင် ဖော်ပြခဲ့သည်။

ဂျီ-၂ဝ အစည်းအဝေးကို တရုတ်နိုင်ငံ ဟန်ကျိုးမြို့၌ ကျင်းပခဲ့ပြီး ယင်းအစည်းအဝေးပွဲတွင် ပါဝင်ဘက် နိုင်ငံ့ ခေါင်းဆောင်များ က ထိုသို့ဆွေးနွေးခဲ့ခြင်းဖြစ်သည်။

ယခုနှစ်အစောပိုင်း ပနားမားစာရွက်စာတမ်းကျိုးပေါက်မှုသည် က္ဘာ့အခွန်ရှောင်မှုများကို မီးမောင်းထိုးပြလိုက်သကဲ့သို့ ဖြစ်၍ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက ထိုကဲ့သို့ကိစ္စရပ်များကို ကာကွယ်ရန်အတွက် အပြည်ပြည်ဆိုင်ရာ အခွန်ကောက်ခံမှု မူဘောင်တစ်ရပ် တည်ထောင်ရန်လိုကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ အာဘေးက အကျင့်ပျက်ခြစားမှုတိုက်ဖျက်သော နိုင်ငံများကိုကူညီပေးရန် မျှော်လင့် ထားကြောင်း၊ အစိုးရအရာရှိများ အကျင့်ပျက်ခြစားခြင်းသည် အကြမ်းဖက်မှုများနှင့်ပြစ်မှုများကို တွန်းအားပေးသကဲ့သို့ဖြစ်စေပြီး စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အတားအဆီးဖြစ်စေကြောင်း ၄င်းက ဆက်လက် ပြောကြားခဲ့သည်။

ဂျီ-၂ဝ ခေါင်းဆောင်များသည် အစည်းအဝေးနေ့လယ်ပိုင်းတွင် အကြမ်းဖက်မှုများနှင့် ဒုက္ခသည် ဆိုင်ရာကိစ္စရပ်များ အပြင် တရုတ်နိုင်ငံ၏ စတီးပိုမိုထုတ်လုပ်မှုများကို ဆွေးနွေးခဲ့ကြသည်။

ဂျီ-၂ဝ အစည်းအဝေးကို တနင်္လာနေ့ညနေပိုင်းတွင် ပူးတွဲကြေညာချက်ထုတ်ပြန်ပြီး ရုပ်သိမ်းမည် ဖြစ်ကြောင်း သိရသည်။

(အင်န်အိတ်ခ်ျကေ)


Leave a Reply