အမျိုးအစားသစ် ဒုံးကျည်တစ်စင်း စမ်းသပ်ခဲ့ဟု မြောက်ကိုရီးယား ကြေညာ

ပြီးခဲ့သည့် သီတင်းပတ်ကုန်က ဒုံးကျည်ပစ်လွှတ်မှုသည် အမျိုးအစားသစ် ဒုံးကျည်တစ်မျိုး စမ်းသပ်ခြင်းဟု မြောက်ကိုရီးယားက ကြေညာလိုက်သည်။

မေ ၁၄ ရက် နံနက်အစောပိုင်းက မြောက်ကိုရီးယားသည် ဒုံးကျည်တစ်စင်း စမ်းသပ်ပစ်လွှတ်ခဲ့ကြောင်း တောင်ကိုရီးယားနှင့် အမေရိကန်စစ်ဘက်က အသီးသီး အတည်ပြုခဲ့သည်။ နောက်ပိုင်းတွင် အဆိုပါကိစ္စနှင့် ပတ်သက်၍ မြောက်ကိုရီးယားက သတင်းထုတ်ပြန်ကြေညာရာ၌ ကြီးမားသော နျူကလီးယား ထိပ်ဖူးတစ်ခု တပ်ဆင်နိုင်သည့် ဒုံးကျည် အမျိုးအစားသစ်ကို စမ်းသပ်ခြင်းဟု ဖော်ပြထားသည်။

ထိုဒုံးကျည်ကို လျှောစောင်း ခပ်မတ်မတ်အနေအထားဖြင့် ပစ်လွှတ်ခဲ့ရာ ကီလိုမီတာ ၂၀၀၀ အမြင့်ထိ ရောက် ရှိပြီး အကွာအဝေး ကီလိုမီတာ ၇၀၀ မျှထိ ပျံသန်းခဲ့သည်။ ထို့နောက် ဂျပန်နိုင်ငံ အနောက်ဘက်ရှိ ပင်လယ် ပြင်ထဲ ကျရောက်သွားသည်။

မေ ၁၅ ရက်တွင် မြောက်ကိုရီးယားက အဆိုပါ ပစ်ခတ်မှုသည် အဆင့်မြှင့်တင်ထားသည့် တိုက်ချင်းပစ် ဒုံးကျည်သစ် တစ်မျိုး၏ စွမ်းဆောင်ရည်ကို လက်တွေ့စမ်းသပ်ခြင်းဟု ကြေညာခဲ့သည်။ တောင်ကိုရီးယား စစ်တပ်ကမူ မြောက်ကိုရီးယား စမ်းသပ်ခဲ့သည့် ဒုံးကျည် အမျိုးအစားကို ဆန်းစစ်ရန် ခက်ခဲနေဆဲဟု ဆိုသည်။

သို့သော် မြောက်ကိုရီးယား၏ ဒုံးကျည်သည် ကမ္ဘာ့လေထုကို ကျော်လွန်ဖောက်ထွက်ခဲ့သလို လေထုထဲသို့ လည်း အထိအခိုက်မရှိ ပြန်ဝင်လာနိုင်ခြင်းကြောင့် တာဝေးပစ် တိုက်ချင်းပစ်နည်းပညာနှင့် ပတ်သက်၍ သိသိ သာသာ တိုးတက်မှု ရှိလာသည်ကို ညွှန်ပြနေကြောင်း တောင်ကိုရီးယားရှိ ယွန်ဟပ်သတင်းဌာနက ဖော်ပြ သွားသည်။

မြောက်ကိုရီးယားသည် ကုလသမဂ္ဂ၏ ပိတ်ပင်တားဆီးမှုကို မျက်ကွယ်ပြုကာ ယခုနှစ်အတွင်း ဒုံးကျည် စမ်းသပ်မှု အများအပြား ပြုလုပ်ခဲ့သည်။ ယင်းစမ်းသပ်မှု အားလုံးအောင်မြင်ခဲ့သည် မဟုတ်သော်လည်း သိသာ သည့် တိုးတက်မှုများရှိလာကြောင်း ထင်ထင်ရှားရှား တွေ့မြင်နေရသည်။

မြောက်ကိုရီးယား၏ ယခုနောက်ဆုံး ဒုံးကျည်စမ်းသပ်မှု အပြီးတွင် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အစည်း အဝေး ခေါ်ယူဆွေးနွေးရန် အမေရိကန်နှင့် ဂျပန်တို့က တောင်းဆိုထားကြောင်းလည်း သိရသည်။

Ref: AFP