ရာဇသင်္ဂဟဖောင်ဒေးရှင်းမှ လှူဒါန်းသော ထောက်ပံ့ငွေများကို တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ အတွင်းရေးမှူးမှ ပေးအပ်

မန္တလေးတိုင်းဒေသကြီး မလှိုင်မြို့နယ်အတွင်းရှိ အသက် (၁ဝဝ) ပြည့်နှင့် အထက် ရဟန်းပုဂ္ဂိုလ်၊ လူပုဂ္ဂိုလ်များကို ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီနာယက ဦးသိန်းစိန် နိုင်ငံတော်သမ္မတ(ငြိမ်း)၏ “ရာဇသင်္ဂဟ ဖောင်ဒေးရှင်း” က လှူဒါန်းသော ထောက်ပံ့ငွေများကို သြဂုတ် (၃၀) ရက် နေ့က လက်ဝယ်အရောက် သွားရောက်ပေးအပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ သက်တော်(၁ဝ၁)နှစ်၊ ဝါတော်(၈၁)ဝါရှိ ကျပ်ဆည်ကျေးရွာအုပ်စု၊ ဆပ်ခင်းကြီးကျေးရွာ၊ သာထွန်းအေး ကျောင်း ပဓာနနာယကဆရာတော် ဘဒ္ဒန္တပရမအား သွားရောက်ဖူးမြော်၍ လှူဒါန်းရခြင်းအကြောင်းကို လျှောက် ထားပြီး ဆရာတော်ကြီးထံမှ ငါးပါးသီလခံယူဆောက်တည်ခဲ့သည်။

ထို့နောက်ရာဇသင်္ဂဟဖောင်ဒေးရှင်းမှ လှူဒါန်းသော ထောက်ပံ့ငွေကျပ် နှစ်သိန်းကို ဦးသိန်းစိန် နိုင်ငံတော်သမ္မတ (ငြိမ်း) ကိုယ်စား မန္တလေးတိုင်း ဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ တိုင်းဒေသကြီးပါတီ အတွင်းရေးမှူး ဦးအောင်ကျော်မိုးက ဆက်ကပ်လှူဒါန်းခဲ့သည်။

ဆက်လက်၍အဆိုပါနေ့တွင် ဝါးခွကျေးရွာအုပ်စု၊ ဝါးခွရွာ၊ အသက် (၁ဝ၆)နှစ်ရှိ အဘွား ဒေါ်ဘွားရန်ကိုလည်း ရာဇသင်္ဂဟဖောင်ဒေးရှင်းက လှူဒါန်းသော ထောက်ပံ့ငွေကျပ် နှစ်သိန်းကို မန္တလေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ အတွင်းရေးမှူး ဦးအောင်ကျော်မိုးက ဦးသိန်းစိန် နိုင်ငံတော်သမ္မတ (ငြိမ်း)ကိုယ်စား ပေးအပ်ခဲ့ရာ အဘွား ဒေါ်ဘွားရန် ကလက်ခံရယူပြီး ဆုတောင်းမေတ္တာများ ပြန်လည်ပို့သခဲ့သည်။

ထောက်ပံ့ငွေပေးအပ်ရာသို့ တိုင်းဒေသကြီးပြည်ခိုင်ဖြိုးပါတီ အတွင်းရေးမှူး နှင့်အတူ တိုင်းဒေသကြီးပါတီ ကော်မတီဝင် များဖြစ်ကြသော ဦးမိုးမြင့်သိန်း၊ ဦးအောင်နိုင်ဦး၊ မိတ္ထီလာခရိုင်ပါတီကော်မတီဝင် ဦးရွှေနန်း၊ ဒေါ်ဝင်းသီတာ၊ မြို့နယ် ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ ဦးစိုးသိန်းနှင့်ပါတီကော်မတီဝင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။

အောင်ဌေး(မလှိုင်)


Leave a Reply