ရန်ကုန် – မန္တလေး အမြန်လမ်းမကြီးပေါ်တွင် သတ်မှတ်အရှိန်နှုန်းထက် ပိုမိုမောင်းနှင်သည့် မော်တော်ယာဉ်များကို ပညာပေးကာလ ကုန်ဆုံးသွားပြီဖြစ်၍ ယနေ့မှစပြီး ဖမ်းဆီးအရေးယူမည်

ယာဉ်မတော်တဆမှု ဖြစ်ပွားရာတွင် နာမည်ကြီးသည့် ရန်ကုန် – မန္တလေး အမြန်လမ်းမကြီးပေါ်တွင် သတ်မှတ် အရှိန်နှုန်းထက် ပိုမိုမောင်းနှင်သည့် မော်တော်ယာဉ် များကို ပညာပေးကာလ ကုန်ဆုံးသွားပြီဖြစ်၍ စက်တင်ဘာ ၁ ရက်မှစပြီး ဖမ်းဆီးအရေးယူမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း အမြန်လမ်းရဲတပ်ဖွဲ့မှူးရုံးမှ စုံစမ်းသိရှိရသည်။

ပြီးခဲ့သည့် ဇူလိုင် ၁ ရက်မှ သြဂုတ် ၃၁ ရက်အထိ ပညာပေးကာလအဖြစ် သတ်မှတ်ထားပြီး ယင်းကာလ အတွင်းက သတ်မှတ်အရှိန်နှုန်းထက် ပိုမောင်းနှင်သည့် မော်တော်ယာဉ်များ၏ ယာဉ်မောင်းများကို ခံဝန် လက်မှတ်ရေးထိုးစေခြင်းဖြင့် အသိပညာပေးမှုများ ပြုလုပ်ခဲ့ပြီးဖြစ်ရာ စက်တင်ဘာ ၁ ရက်မှစတင်ပြီး ဥပဒေအရ အရေးယူသွားမည်ဖြစ်ကြောင်း အမြန်လမ်းမကြီး ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

ရန်ကုန် – မန္တလေး အမြန်လမ်းမကြီး တစ်လျှောက် အရှိန်နှုန်းတိုင်းတာသည့် စက်ခုနစ်လုံးဖြင့် ရန်ကုန် – မန္တလေး အမြန်လမ်းမကြီး တောက်လျှောက် သတ်မှတ်နေရာ ခုနစ်နေရာတွင် တိုင်းတာမည်ဖြစ်ပြီး သတ်မှတ်ကီလိုထက် ပိုမောင်းသည့် ယာဉ်များ၏ အရှိန်နှုန်း၊ ယာဉ်ပုံတို့ကို ပုံရိပ်ဖမ်းယူထားကာ ဖမ်းဆီးရေးအဖွဲ့သုံးဖွဲ့ထံ ပေးပို့ပြီးဖမ်းဆီး ရေးအဖွဲ့များက မှတ်တမ်းများအရ သတ်မှတ်အရှိန်နှုန်းထက် ပိုမောင်းသည့် ယာဉ်မောင်းများကို ဖမ်းဆီးတရားစွဲဆို သွားမည်ဖြစ်ကြောင်း သိရသည်။

“ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး တောက်လျှောက် မိုင်တိုင်အမှတ် သုံညကနေ မိုင်တိုင်အမှတ် ၃၆၆ ဒသမ ၃၆ မိုင်အထိ ကျွန်တော်တို့က စက်ခုနစ်လုံးနဲ့ တိုင်းတာစစ်ဆေးပါမယ်။ ပြီးတော့ ဖမ်းဆီးရေးအဖွဲ့ သုံးဖွဲ့ကနေပြီး တိုင်းတာတဲ့အဖွဲ့ ခုနစ်ဖွဲ့က ပေးပို့လာတဲ့ သတ်မှတ်အရှိန်နှုန်းထက် ပိုမောင်းတဲ့ယာဉ်မောင်းတွေကို ဖမ်းပြီး အမြန်လမ်းမကြီးဥပဒေအရ တရားရုံးကို တရားစွဲဆို တင်ပို့သွားပါမယ်။ ပြစ်မှုပြစ်ဒဏ်တွေကတော့ ဥပဒေမှာ သတ်မှတ်ထားတဲ့အတိုင်း တရားရုံးကနေ ဆုံးဖြတ်မှာဖြစ်တယ်” ဟု အမြန်လမ်းမကြီး ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

အမြန်လမ်းမကြီးပေါ်သို့ ဖြတ်သန်းသွားလာခွင့်ပြုထားသည့် ယာဉ်များမှာ လေးမျိုးခွဲခြားထားပြီး ခရီးသည်တင် ယာဉ်၊ လိုက်ထရပ်ဟိုက်ဂျက်ယာဉ်၊ ကိုယ်ပိုင်ယာဉ်ငယ်များနှင့် သတ်မှတ်ကုန်စည်တင် ယာဉ်များဖြစ်သည်။

ယင်းတို့အနက် လိုက်ထရပ်ဟိုက်ဂျက်ယာဉ်နှင့် သတ်မှတ်ကုန်စည်တင် ယာဉ်များ၏ သတ်မှတ်အရှိန်နှုန်းမှာ တစ်နာရီလျှင် ကီလို ၈၀ နှုန်းဖြစ်ပြီး ခရီးသည်တင်ယာဉ်နှင့် ကိုယ်ပိုင်ယာဉ်များမှာ တစ်နာရီလျှင် ကီလို ၁၀၀ နှုန်း သတ်မှတ်ထားကြောင်း သိရသည်။

၂၀၁၆ ခုနှစ် ဇန်န၀ါရီမှ ဇူလိုင်အထိ ခုနစ်လအတွင်း ရန်ကုန် – မန္တလေး အမြန်လမ်းမကြီးပေါ်တွင် ဖြစ်ပွားခဲ့သည့် ယာဉ်မတော်တဆမှုပေါင်းမှာ ၄၅၅ မှုဖြစ်ပွားပြီး သေဆုံးသူ ၁၀၁ ဦးရှိကာ ဒဏ်ရာရရှိသူပေါင်း ၈၂၅ ဦးရှိကြောင်း အမြန်လမ်းမကြီး ရဲတပ်ဖွဲ့မှူးရုံးမှ စုံစမ်းသိရှိရသည်။

# Eleven


Leave a Reply