၂၁ ရာစုပင်လုံညီလာခံသို့ တက်သင့်၊ မသင့်ဆွေးနွေးရန် ရခိုင်အမျိုးသားပါတီ ဗဟိုအလုပ်အမှုဆောင် အစည်းအဝေးကျင်းပမည်

ရခိုင်ပြည်နယ်တွင် အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပနိုင်ခြင်း မရှိသေး၍ ၂၁ ရာစုပင်လုံ ညီလာခံသို့ တက်ရောက်ရန်သင့်၊ မသင့်ကို ရခိုင်အမျိုးသားပါတီ (ANP) ဗဟိုအလုပ်အမှုဆောင် အစည်းအဝေးတွင် ဆွေးနွေးရန်စီစဉ်နေကြောင်း ပါ တီဥက္ကဋ္ဌ ဒေါက်တာအေးမောင် က ပြောသည်။

ဗဟိုအလုပ်အမှုဆောင်အစည်းအဝေးကို သင်္ကြန်အပြီးတွင် ကျင်းပရန် သဘောတူထားသော်လည်း ကျင်းပ မည့်ရက် အတိအကျကို ပါတီအတွင်းရေးမှူးအဖွဲ့နှင့် ဥက္ကဋ္ဌအဖွဲ့များ မျက်နှာစုံညီ ဆွေးနွေးသတ်မှတ်ရမည် ဟု ANPအတွင်းရေးမှူး ဦးအောင်မြကျော်က ပြောသည်။

‘‘ငြိမ်းချမ်းရေးလက်မှတ်ထိုးတဲ့ ANP ကလည်း ရခိုင်မှာရှိတယ်လေ။ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ၊ လူမျိုးကိုအခြေခံတယ် ဆိုတဲ့ကဏ္ဍကလည်း ဆွေးနွေးမှ ပဲ ငြိမ်းချမ်းရေးညီလာခံကို တက်ဖို့ကများတာကိုး။ အဲဒါကြောင့် UPC (ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ) ကို တက်ဖို့၊ မတက်ဖို့က ကျွန်တော်တို့က လူမျိုးကို အခြေခံတဲ့ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပခွင့်မရဘူးလေ’’ ဟု ဒေါက်တာအေးမောင်က ပြောသည်။

‘‘ရခိုင်ပြည်နယ်ဘက်က အသံမပါဘဲနဲ့၊ လူထုနဲ့လူထုရဲ့ သဘောထားမပါဘဲနဲ့ ၂၁ ရာစုပင်လုံ ဒုတိယ အစည်းအဝေးကိုတက်ဖို့ ကျွန်တော်တို့ဘက်က တက်သင့်၊ မတက်သင့်ပေါ့ဗျာ’’ဟု ၎င်းက ဆက်လက် ပြောကြားသည်။

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ်  (NCA) လက်မှတ်ရေးထိုးထားသည့် တိုင်းရင်သားလက်နက်ကိုင် ရှစ်ဖွဲ့အနက် ကရင်၊ ချင်း၊ ပအိုဝ်း စသည့်အဖွဲ့များက လူမျိုးအလိုက် အမျိုးသား အဆင့် နိုင်ငံရေးဆွေးနွေးပွဲများ ကျင်းပပြီးဖြစ်သည်။

ရှမ်းနှင့် ရခိုင်အဖွဲ့များသည် ၎င်းတို့ဒေသတွင် လူမျိုးအလိုက် ဆွေးနွေးပွဲများ ကျင်းပနိုင်ရေး ကြိုးစားနေ သည်။

၂၁ ရာစုပင်လုံညီလာခံကို မေလ ၂၄ ရက်တွင်ကျင်းပရန် သတ်မှတ်ပြီးဖြစ်ရာ ယင်းညီလာခံမတိုင်မီ ရှမ်းနှင့် ရခိုင်၌ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပနိုင်ရေးသည် လက်ရှိအချိန်အထိ မသေချာသေးပေ။

ရခိုင်ပြည်နယ်တွင် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပရန်အဆင်သင့်ဖြစ်ကြောင်း ရခိုင် လက်နက်ကိုင်အဖွဲ့ (ALP)ပါတီကိုယ်စားလှယ်များက ထုတ်ဖော်ပြောကြားထားသော်လည်း လက်ရှိ ရခိုင် ပြည်နယ် အနေအထားအရ အစိုးရဘက်က အဆင်သင့်မဖြစ်ဟု မှတ်ယူထားသည်။ # 7 Day