ဆီးဂိမ်းစ်အုပ်စုမဲခွဲရာတွင် အိမ်ရှင်ကမ္ဘောဒီးယား၊ အင်ဒိုနီးရှားနှင့် မြန်မာအသင်းတွေ့ဆုံ

၂၀၂၃ ခုနှစ်အရှေ့တောင်အာရှအားကစားပြိုင်ပွဲ (ဆီးဂိမ်းစ်)မှာ  မြန်မာအမျိုးသား ယူ-၂၂ ဘောလုံးအသင်းက အိမ်ရှင်ကမ္ဘောဒီးယား၊ အင်ဒိုနီးရှားတို့ ပါဝင်တဲ့အုပ်စု (က) မှာ ကျရောက်ခဲ့ပါတယ်။

ဘောလုံးပြိုင်ပွဲအတွက် မဲခွဲပွဲကို ဧပြီ ၅ ရက်က ပြုလုပ်ခဲ့တာဖြစ်ပြီး မြန်မာအသင်းက ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ အရှေ့တီမာအသင်းတွေနဲ့ အုပ်စု (က)မှာတွေ့ဆုံခဲ့တာပါ။

တဖက်အုပ်စု(ခ)မှာတော့ ဗီယက်နမ်၊ ထိုင်း၊ မလေးရှား၊ စင်ကာပူနဲ့ လာအိုအသင်းတို့ တွေ့ဆုံပါတယ်။

အမျိုးသမီးပြိုင်ပွဲအုပ်စုမဲခွဲရာမှာတော့ မြန်မာအမျိုးသမီးအသင်းက  ဗီယက်နမ်၊ ဖိလစ်ပိုင်၊ မလေးရှား၊ အင်ဒိုနီးရှားတို့နဲ့ အုပ်စု (က)မှာ ကျရောက်ပါတယ်။

ဒါပေမဲ့ မဲခွဲပြီးနာရီပိုင်းအတွင်းမှာပဲ အင်ဒိုနီးရှားအသင်းက ပြိုင်ပွဲကနေ နုတ်ထွက်ခဲ့တယ်လို့ သိရပါတယ်။

တစ်ဖက်အုပ်စု(ခ)မှာ အိမ်ရှင်ကမ္ဘောဒီးယား၊ ထိုင်း၊ စင်ကာပူနဲ့ လာအို အမျိုးသမီးအသင်းတို့ တွေ့ဆုံပါတယ်။

ဖူဆယ်ပြိုင်ပွဲမှာတော့ မြန်မာအပါအဝင် အသင်း ၅ သင်းက ပတ်လည် ယှဉ်ပြိုင်ကြရမှာဖြစ်ပါတယ်။

၃၂ ကြိမ်မြောက်ကျင်းပမယ့် ဆီးဂိမ်းစ်ပြိုင်ပွဲကို လာမယ့် မေလ ၅ ရက်ကနေ ၁၇ ရက်အထိ ကျင်းပမှာဖြစ်ပြီး ဘောလုံးပွဲစဉ်တွေကိုတော့ ဧပြီ ၂၉ ရက်မှာ စတင်မယ်လို့ သိရပါတယ်။