ဒိုင်လူကြီး ကို တွန်းခဲ့တဲ့ မီထရိုဗစ် ရှစ်ပွဲပယ် ပြစ်ဒဏ်ချမှတ်ခံရ

ပြီးခဲ့တဲ့လက မန်ယူကို ရှုံးနိမ့်ခဲ့တဲ့ အက်ဖ်အေဖလားပွဲစဉ်မှာ ဒိုင်လူကြီးကို တွန်းခဲ့တဲ့ ဖူလ်ဟမ်တိုက်စစ်မှူး အလက်ဆန်းဒါး မီထရိုဗစ်ကို ရှစ်ပွဲပယ် ပြစ်ဒဏ် နဲ့ ဒဏ်ငွေ ပေါင် ၇၅၀၀၀ ချမှတ်လိုက်ကြောင်း အင်္ဂလိပ် ဘောလုံးအဖွဲ့ချုပ်က ပြောကြားပါတယ်။

အဲဒီပွဲမှာ ဆာဘီးယားတိုက်စစ်မှူးက ဒိုင်လူကြီး ကာဗာနက် ကို ရင်ဆိုင်ခဲ့ပြီး ပခုံးနဲ့လည်း တိုက်ခဲ့ပြီးနောက်မှာ တိုက်ရိုက်အနီ နဲ့ ထုတ်ပယ်ခံခဲ့ရပါတယ်။

အဲဒီ ပြစ်မှုနဲ့ပတ်သက်ပြီး မူလက သတ်မှတ်ထားတဲ့ ပြစ်ဒဏ်က လုံလောက်မှု ရှိမှာ မဟုတ်ဘူးဆိုတာကို မိမိတို့ ပြောခဲ့ကြောင်းနဲ့ ကစားသမား ကိုယ်တိုင်ကလည်း ထုတ်ပယ်ခံရပြီးနောက် သူ့ရဲ့ ပြောစကားတွေနဲ့ အပြုအမူက သင့်လျော်မှု မရှိ ၊ စော်ကားတာတွေ ပါဝင်ပြီး ခြိမ်းခြောက်တဲ့သဘောလည်း သက်ရောက်တာကို ဝန်ခံခဲ့ကြောင်း  အက်ဖ်အေ က ပြောကြားပါတယ်။

ဖူလ်ဟမ် မန်နေဂျာ မာကိုဆေးလ်ဗားလည်း ပေါင် ၂၀၀၀၀ ဒဏ်ရိုက်ခံရပြီး ပွဲကြီးကြပ်ခွင့် နှစ်ပွဲ ပိတ်ပင်ခံရပါတယ်။

ကစားသမားတွေကို ထိန်းချုပ်ဖို့ ပျက်ကွက်တဲ့ ဖူလ်ဟမ်ကိုလည်း အက်ဖ်အေက ပေါင် ၄၀၀၀၀ ဒဏ်ငွေ ချမှတ်ခဲ့ပါတယ်။

-Ref:  Reuters