သင်္ကြန်ပွဲတော်ကာလအတွင်း လူငယ်များကိုဖြန့်ဖြူး‌ရောင်းချမည့် ငွေကျပ် ၃ ဒသမ ၂ ဘီလီယံတန်ဖိုးရှိ စိတ်ကြွ ရူးသွပ်ဆေးပြား ၃၂ သိန်းအား လှိုင်နှင့် မရမ်းကုန်းမြို့နယ်တို့တွင် ဖမ်းဆီးရမိ

မြန်မာ့ရိုးရာနှစ်သစ်ကူးမဟာသင်္ကြန်ပွဲတော်ကာလအတွင်း လူငယ်များကိုဖြန့်ဖြူး‌ရောင်းချမည့် ငွေကျပ် ၃ ဒသမ ၂ ဘီလီယံ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၃၂ သိန်းအား ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်နှင့် မရမ်းကုန်းမြို့နယ်တို့တွင် ဖမ်းဆီးရမိခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များသည် စိတ်ကြွရူးသွပ်ဆေးပြားများ သိုလှောင် ထားရှိကာ လူငယ်များအား ဖြန့်ဖြူးရောင်းချလျက်ရှိကြောင်း သတင်းရရှိသည့်အတွက် စုံစမ်း စစ်ဆေးရာ မတ်လ ၃၀  ရက် မွန်းလွဲ ၃ နာရီ ၃၀ မိနစ်အချိန်ခန့်တွင် ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်၊ (၁၁)ရပ်ကွက်၊ ကန်လမ်းရှိ ဟိုတယ်အနီးတွင် တင်မောင်သန်း နှင့် အောင်သူ တို့ ၂ ဦးအား SURF မော်တော်ယာဉ် တစ်စီး၊ စိတ်ကြွရူးသွပ်ဆေးပြား ၁ သိန်းနှင့်အတူ စတင်ဖမ်းဆီးရမိခဲ့သည်။

 စစ်ဆေးဖော်ထုတ်ချက်အရ ယင်းနေ့ ညနေ ၄ နာရီအချိန်ခန့်တွင် မရမ်းကုန်းမြို့နယ်၊ (၄)ရပ်ကွက်ရှိ အောင်သူ ၏နေအိမ်မှ စိတ်ကြွရူးသွပ်ဆေးပြား ၃၁ သိန်း ထပ်မံသိမ်းဆည်းရမိခဲ့ သဖြင့် စုစုပေါင်းဒေသကာလတန်ဖိုးငွေကျပ် ၃ ဒသမ ၂ ဘီလီယံတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၃၂ သိန်း၊ အလေးချိန် (၃၂၀) ကီလိုခန့် သိမ်းဆည်းရမိခဲ့သည်။

စစ်ဆေးဖော်ထုတ်ချက်အရ သိမ်းဆည်းရမိသည့် စိတ်ကြွရူးသွပ် ဆေးပြားများအား ရှမ်းပြည်နယ်မှ ရန်ကုန်တိုင်း ဒေသကြီးသို့ သယ်ဆောင်ပြီး မြန်မာ့ရိုးရာနှစ်သစ်ကူး မဟာသင်္ကြန် ပွဲတော်ကာလတွင် လူငယ်များအား ဖြန့်ဖြူး ရောင်းချမည်ဖြစ်ကြောင်း သိရှိရသည်။

ထို့ကြောင့် ၎င်းတို့အား ဥပဒေအရအရေးယူ ထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေး ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။