ဂြိုဟ်တုဆက်သွယ်ရေးပါတဲ့ Mate X3 ကို ဟွာဝေးကြေညာ

တရုတ်အခြေစိုက်နည်းပညာကုမ္ပဏီကြီးဖြစ်တဲ့ ဟွာဝေးဟာ ဂြိုဟ်တုဆက်သွယ်ရေးပါရှိတဲ့ Mate X3 ကို ထုတ်ဖော်ကြေညာလိုက်ပါတယ်။

ကွေးညွှတ်စမတ်ဖုန်းဖြစ်တဲ့ Mate X3 ကို Snapdragon 8+ Gen 1 နဲ့ အထိုင်ချထားပြီး Ram 12G ထည့်သွင်းထားကာ ကြိုးမဲ့အားသွင်းစနစ်လည်းပါဝင်ပြီး ဘက်ထရီကတော့ ၄၈၀၀ မီလီအမ်ပီယာကို အသုံးပြုထားပါတယ်။

Mate X3 မှာ Harmony OS 3.1 နဲ့မောင်းနှင်ထားပြီး 4G ကွန်ရက် စနစ်ကိုသာ အသုံးပြုနိုင်မှာဖြစ်ကာ IPX8 ရေစိုခံစနစ်လည်းပါဝင်တယ်လို့ ဟွာဝေးရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ လက်ရှိမှာတော့ အဲဒီစမတ်ဖုန်းသစ်ကို တရုတ်နိုင်ငံမှာ စတင်ရောင်းချသွားဖို့ စီစဉ်နေတယ်လို့ ဆိုပါတယ်။

နိုင်ငံတကာဈေးကွက်ကို တင်ပို့ရောင်းချမယ့် အချိန်ကိုတော့ ဟွာဝေးက ထုတ်ပြန်ခြင်းမရှိသေးပါဘူး။ ကွေးညွှတ်စမတ်ဖုန်းဖြစ်တဲ့ Mate X3 မှာ ကင်မရာအနေနဲ့ အနောက်မှာ 50Mp Wide, 13Mp Ultra Wide နဲ့  12 Mp ပါဝင်မှာဖြစ်ပါတယ်။

ဟွာဝေးဟာ ဒီစမတ်ဖုန်းသစ်ကို မော်ဒယ်နှစ်မျိုး ထုတ်လုပ်ထားပြီး 256G မော်ဒယ်ကို ၁၉၉၉ ဒေါ်လာနဲ့ 1TB မော်ဒယ်ကို ဒေါ်လာ ၂၃၄၀ နဲ့ ရောင်းချသွားမယ်လို့ သိရပါတယ်။ လက်ရှိမှာတော့ စမတ်ဖုန်းနည်းပညာ ကုမ္ပဏီကြီးတွေဟာ 5G ကွန်ရက်စနစ်အတွက် ပြင်ဆင်မှုတွေလုပ်ဆောင်နေသလို ဂြိုဟ်တုဆက်သွယ်ရေး ချိတ်ဆက်မှုကိုလည်း အပြိုင်အဆိုင်ထည့်သွင်းဖို့ လုပ်ဆောင်နေကြပါတယ်။