အိန္ဒိယရှိ ဖို့ဒ်မော်တော်ကားစက်ရုံကို ဒေါ်လာ ၉၁ ဒသမ ၅ သန်းဖြင့် တာတာကုမ္ပဏီဝယ်ယူ

အိန္ဒိယ မော်တော်ကားထုတ်လုပ်ရေးကုမ္ပဏီတာတာဟာ အနောက်ဂူဂျာရက်ပြည်နယ်မှာရှိတဲ့ ဖို့ဒ်မော်တော်ကား ထုတ်လုပ်ရေးစက်ရုံကို ဒေါ်လာ ၉၁ ဒသမ ၅ သန်းနဲ့ ဝယ်ယူဖို့ သဘောတူလိုက်ပါတယ်။တာတာကုမ္ပဏီဟာ သူ့ရဲ့မော်တော်ကား ထုတ်လုပ်ရေးလုပ်ငန်းကို မြှင့်တင်ဖို့ကြိုးပမ်းနေစဉ်မှာ အခုလိုဝယ်ယူမယ့် အစီအစဉ်ဖြစ်ပေါ်လာတာ ဖြစ်ပါတယ်။ ဝယ်ယူရေး သဘောတူညီချက်မှာတော့ စက်ရုံရဲ့ မြေနေရာ၊ စက်ယန္တရား ပစ္စည်းတွေနဲ့ ကျွမ်းကျင် ဝန်ထမ်းတွေအပါအဝင်ဖြစ်ပါတယ်။

ဖို့ဒ်ကုမ္ပဏီဟာ အိန္ဒိယလုပ်ငန်းခွဲမှာ အမြတ်အစွန်းရရှိဖို့ ဆယ်စုနှစ် နှစ်စုကြာ ရုန်းကန်ခဲ့ပြီးနောက်မှာတော့ အိန္ဒိယမှာ ကားထုတ်လုပ်မှုတွေကို ပြီးခဲ့တဲ့နှစ်က ရပ်တန့်ခဲ့ပြီး လွန်ခဲ့တဲ့ ဆယ်စုနှစ်အတွင်းမှာ ဒေါ်လာ နှစ်ဘီလီယံ အရှုံးပေါ်ခဲ့ပါတယ်။ ဒီလိုစက်ရုံဝယ်ယူလိုက်တာကြောင့် အဲဒီစက်ရုံကနေ ကနဦးမှာ တစ်နှစ်ကို ကားအစီးရေ သုံးသိန်း ထုတ်လုပ်နိုင်မှာဖြစ်ပြီး နောက်ပိုင်းမှာတော့ အစီးရေလေးသိန်းနှစ်သောင်းထိ တိုးမြှင့်ထုတ်လုပ် သွားနိုင်ခြေရှိတယ်လို့ တာတာကုမ္ပဏီက ထုတ်ဖော်ပြောဆိုထားပါတယ်။

Source: sdtimedaily