လကမ္ဘာသို့ လူလိုက်ပါခြင်း မရှိသည့် စူးစမ်းလေ့လာရေးယာဉ် စေလွှတ်ရန် နာဆာ စီစဉ်နေ

လကမ္ဘာပေါ်သို့ လူလိုက်ပါခြင်းမရှိတဲ့ စူးစမ်းလေ့လာရေးယာဉ် Artemis I မစ်ရှင်ကိုစေလွှတ်ဖို့ အဆင်သင့်ဖြစ်နေကြောင်း နာဆာအကြီးအကဲ ဘီလ်နယ်လ်ဆင်က ထုတ်ဖော်ပြောဆိုလိုက်ပြီး ဒါဟာတစ်ချိန်ချိန်မှာ အင်္ဂါဂြိုဟ်ဆီသွားဖို့တွေပါ ဖြစ်လာလိမ့်မယ်လို့ ဆိုပါတယ်။

Artemis I မစ်ရှင်ကို နိုင်ငံတကာနဲ့ မိတ်ဖက်တွေ ပူးပေါင်းပါဝင်ထားပြီး လူလိုက်ပါတဲ့ ပျံသန်းမှုအတွက် နောက်ဆုံးပြင်ဆင်မှုအဖြစ် Artemis I ရဲ့ ဟာ့ဒ်ဝဲနဲ့ဆော့ဖ်ဝဲတွေရဲ့ စနစ်တွေကို စမ်းသပ်ဖို့အတွက် လကမ္ဘာကို လနဲ့ချီပြီးလှည့်ပတ်ဖို့ စီစဉ်ထားပါတယ်။

ဒါပေမဲ့ ဒီမစ်ရှင်ဟာ အင်္ဂါဂြိုဟ်ပေါ်မှာ လူသားတွေ ရှင်သန်နေထိုင်နိုင်ခြင်းရှိ၊ မရှိ လူသားတွေ ကိုယ်တိုင် စူးစမ်းလေ့လာမယ့် အနာဂတ်ခရီးစဉ်အတွက် ခြေလှမ်းသစ်တစ်ခုသာ ဖြစ်တယ်လို့ နာဆာ အကြီးအကဲက ပြောပါတယ်။

မိမိတို့အနေနဲ့ အလွန်ဝေးကွာတဲ့ အင်္ဂါဂြိုဟ်ပေါ်မှာ စူးစမ်းလေ့လာ၊ အသက်ရှင်နေထိုင်ဖို့အတွက် လကမ္ဘာဟာ အရေးပါပြီး လပေါ်က အရင်းအမြစ်တွေကို ဘယ်လိုအသုံးပြုနိုင်မလဲဆိုတာ ဦးစွာလေ့လာရမှာဖြစ်တယ်လို့ ဘီလ်နယ်လ်ဆင်က ပြောပါတယ်။ Artemis I မစ်ရှင်ကိုတော့ ဩဂုတ် ၂၉ ရက်မှာ ကနေဒီအာကာသစခန်းကနေ လွှတ်တင်ဖို့ နာဆာက စီစဉ်ထားပါတယ်။

Source: sdtimedaily