နောင်ချို နှင့် ပုသိမ်ကြီးတွင် ကားခေါင်မိုးအတွင်း သိုဝှက်သယ်ဆောင်လာသော ငွေကျပ် ၁ ဘီလီယံကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁၁ သိန်း ဖမ်းဆီးရမိ

ရှမ်းပြည်နယ် နောင်ချိုမြို့နှင့် မန္တလေးတိုင်း ပုသိမ်ကြီးမြို့တို့တွင် ကားခေါင်မိုးအတွင်းသိုဝှက်သယ်ဆောင်လာသော ငွေကျပ် ၁ ဘီလီယံကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁၁ သိန်း မတ်လ ၈ ရက်က ဖမ်းဆီးရမိကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

ယင်းနေ့ ညနေ ၃ နာရီ ၄၅ မိနစ်အချိန်ခန့်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် မန္တလေး-လားရှိုးကားလမ်း၊ ကွတ်ခိုင် ဘက်မှ မန္တလေးဘက်သို့ ခိုင်ထူးမောင်းနှင်သော WISH မော်တော်ယာဉ်နှင့် ကောင်းစံ(ခ) ကောင်းကောင်း မောင်းနှင်သော Crown မော်တော်ယာဉ်တို့တွင် မူးယစ်ဆေးဝါး သယ်ဆောင် လာကြောင်း သတင်းရရှိသည့်အတွက် နောင်ချိုမြို့၊ ပါဟတ်ရပ်ကွက်၊ အိုရီယမ်တယ်တိုးဂိတ်အနီးတွင် စစ်ဆေးမှုများ ပြုလုပ်ခဲ့သည်။

ထိုသို့ စစ်ဆေးရှာဖွေရာ ယာဉ် ၂ စီး၏ ခေါင်မိုးပေါ်ရှိ အခင်းဖော့ပြားများအတွင်း သိုဝှက်သယ်ဆောင်လာသည့် စိတ်ကြွရူးသွပ်ဆေးပြား ၆ သိန်းပြား ဖမ်းဆီးရမိခဲ့သည်။

ကွင်းဆက်အနေဖြင့် ယင်းနေ့ ညနေ ၄ နာရီခွဲအချိန်ခန့်တွင် ပုသိမ်ကြီးမြို့နယ်၊ (၁၆)မိုင်စစ်ဆေးရေးဂိတ်၌ စိုးနိုင် မောင်းနှင်သည့် IPSUM မော်တော်ယာဉ်၏ ခေါင်မိုးပေါ်ရှိ အခင်းဖော့ပြားများအတွင်းမှ အလားတူ စိတ်ကြွရူးသွပ်ဆေးပြား ၅ သိန်းပြား ထပ်မံ ဖမ်းဆီးရမိသဖြင့် စုစုပေါင်းစိတ်ကြွရူးသွပ်ဆေးပြား ၁၁ သိန်းပြား ဖမ်းဆီးရမိခဲ့သည်။

စစ်ဆေးဖော်ထုတ်ချက်အရ ညနေ ၅ နာရီအချိန်ခန့်တွင် ပုသိမ်ကြီးမြို့နယ်၊ လက်ကောင်းကျေးရွာ၌ စိတ်ကြွရူးသွပ်ဆေးပြားများ သယ်ဆောင်ရာတွင် ပူးပေါင်း ပါဝင်သူ ကျော်ဇင်ဝိုင်း(ခ)ကျော်ကျော် နှင့် ယင်းနေ့ ညနေ ၆ နာရီခွဲအချိန်ခန့်တွင် ကွတ်ခိုင်မြို့၊ နမ့်ခမ်း-မန်းကားဂိတ်မှူး မောင်စီချို(ခ)မော်စီ တို့အား ထပ်မံဖမ်းဆီးရမိခဲ့သည်။

ထို့ကြောင့် ပြစ်မှုကျူးလွန်သူများအား ဥပဒေအရအရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန် သူများအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း သိရသည်။