NV ကတ်ကိုင်ဆောင်သူများ၏သားသမီးများ နိုင်ငံသားစိစစ်မှုခံယူရန် လျှောက်ထားခွင့်ရှိ

နိုင်ငံသားစိစစ်ခံရမည့်သူ၏ သက်သေခံကတ်ပြား (Identity Card for National Verification-NV Card) ကိုင်ဆောင်သူများမှ မွေးဖွားလာသော သားသမီးများသည်လည်း မြန်မာနိုင်ငံသားဥပဒေနှင့်အညီ နိုင်ငံသား စိစစ်မှုခံယူရန် လျှောက်ထားပိုင်ခွင့်ရှိကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီက သတင်း ထုတ်ပြန်သည်။

၂၀၁၆ ဒီဇင်ဘာ ၂၃ ရက်အထိ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် White Card ပြန်လည်အပ်နှံ မှုစုစုပေါင်း ၄၆၉,၁၈၃ ဦးအနက် ၃၂,၀၁၆ ဦးအား NV ကတ်ပြားများ ထုတ်ပေးပြီးဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ပါရှိသည်။ White Card ပြန်အပ်ရန် ကျန်နေသည့် အရေအတွက်မှာ သုံးသိန်းခန့် (၂၉၀,၄၈၉ ဦး) ဖြစ်ကြောင်း ထုတ်ပြန် ချက်တွင် ပါရှိသည်။

တစ်နိုင်ငံလုံးတွင် White Card ပြန်အပ်သည့် အရေအတွက် အများဆုံးဖြစ်သည့် ရခိုင်ပြည်နယ်အတွင်း ပြန်အပ် သူ လေးသိန်းနီးပါး (၃၉၇,၄၉၇ ဦး) အနက် ၆,၀၇၇ ဦးအား NV ကတ် ပြန်ထုတ်ပေးထားခြင်းဖြစ်သည်။ NV ကတ် ထုတ်ပေးရာတွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)က အများဆုံးဖြစ်ပြီး သုံးသောင်းကျော် အပ်နှံသည့်အနက် ၁၆,၅၉၆ ဦး အား ကတ်ထုတ်ပေးထားသည်။

NV ကတ်ကိုင်ဆောင်ထားသူသည် မြန်မာနိုင်ငံ၏ မည်သည့်ဒေသကိုမဆို ခရီးသွားလိုပါက သက်ဆိုင်ရာ တိုင်း ဒေသကြီးနှင့် ပြည်နယ်အစိုးရများက ထုတ်ပြန်သော ဒေသန္တရအမိန့်ညွှန်ကြားချက်များနှင့်အညီ ခရီးသွားလာခွင့် ပါ ပေးထားသည်။

ရခိုင်ဒေသအတွင်းရှိ NV ကတ်ကိုင်ဆောင်ထားသူများသည် တရားဝင်နယ်စပ်ဂိတ်များမှ BP ဖြင့် ဘင်္ဂလားဒေ့ရှ်သို့ ဝင်ထွက်သွားလာခွင့်ကို ပေးထားကြောင်း အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီက ထုတ်ပြန်ထားသည်။ ထို့ပြင် ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ထုတ်ပြန်ထားသော ဒေသန္တရအမိန့်ညွှန်ကြားချက်များနှင့်အညီ ရခိုင်ပြည်နယ် အတွင်း ခရီးသွားလာခွင့်ကိုပါ ပေးထားသည်။

ယာယီသက်သေခံလက်မှတ် (White Card) သည် ၁၉၈၂ မြန်မာနိုင်ငံသားဥပဒေ ပြဋ္ဌာန်းချက်နှင့်အညီ စိစစ် ဆောင်ရွက်နိုင်ရန် လိုအပ်သည့်သူများအား ထုတ်ပေးထားခဲ့သောကတ်ဖြစ်ပြီး NV ကတ်သည် White Card ပြန်အပ်သူများအနက် နိုင်ငံသား/နိုင်ငံသားပြုခွင့်ရသူ ဟုတ်၊ မဟုတ် စိစစ်နိုင်ရန်နှင့် စိစစ်နေဆဲကာလအတွင်း မြန်မာနိုင်ငံအတွင်း နေထိုင်သူအဖြစ် အသိအမှတ်ပြုနိုင်ရန် ထုတ်ပေးထားသည့် ကတ်အမျိုးအစားဖြစ်သည်။ NV ကတ်ကို အပြာနုရောင်သတ်မှတ်ထား ည်။

White Card အစား NV Card ထုတ်ပေးခြင်းလုပ်ငန်းကို သုံးမျိုးစာရင်းကောက်ယူခြင်းလုပ်ငန်းများဖြစ်သည့် မြေပုံရေးဆွဲခြင်း၊ မြေပုံပေါ်တွင် အဆောက်အအုံများတင်ခြင်းနှင့် လူဦးရေစစ်ဆေးခြင်းလုပ်ငန်းများဖြင့် ဆက်လက် ထုတ်ပေးနိုင်ရေးအတွက် ဆက်လက်ဆောင်ရွက်ပေးလျက်ရှိကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ် ပြန်ရေးကော်မတီက ထုတ်ပြန်ထားသည်။

White Card ကိုင်ဆောင်ထားသူများ ၂၀၁၅ ရွေးကောက်ပွဲတွင် မဲပေးခွင့်ရ၊ မရ အငြင်းပွားနေသည့် အချိန်တွင် White Card များ၏သက်တမ်းကို ၂၀၁၅ မေလ ၃၁ တွင် ကုန်ဆုံးကြောင်းနှင့် ၎င်းနေ့ရက်မတိုင်မီ လာရောက် အပ်နှံကြရန် နိုင်ငံတော်သမ္မတဦးသိန်းစိန်က ၂၀၁၅ ဖေဖော်ဝါရီ ၁၁ ရက်တွင် အမိန့်ကြော်ငြာစာအမှတ် ၁၉/၂၀၁၅ ဖြင့်ထုတ်ပြန်ခဲ့သည်။ # 7 Day Daily