ဆရာဝန်၊ အင်ဂျင်နီယာနှင့် အနုပညာရှင်များ ဝင်ငွေခွန် အပြည့်အဝ ပေးသွင်းရေး စည်းကြပ်ကောက်ခံသွား တော့မည်

ဆရာဝန်၊ အင်ဂျင်နီယာနှင့်အနုပညာရှင်များ၏ ဝန်ဆောင်ခအဖြစ်ရရှိသည့် ဝင်ငွေများအပေါ် အခွန်ငွေနှုန်းထားများကို အပြည့်အဝပေးသွင်းရန် လာမည့် ၂ဝ၁၇၊ ၂ဝ၁၈ ဘဏ္ဍာနှစ်တွင် အပြီးသတ် စည်းကြပ်ကောက်ခံသွားမည် ဖြစ်ကြောင်း ပြည်တွင်းအခွန်များဦးစီးဌာနမှ သတင်းရရှိသည်။

အဆိုပါ ဆရာဝန်၊ အင်ဂျင်နီယာ၊ အနုပညာရှင်စသည့် အသက် မွေးဝမ်းကျောင်းပညာလုပ်ငန်းဖြင့် ဝန်ဆောင်ခရယူ ဆောင်ရွက်ပေးလျက်ရှိသော ဝန်ဆောင်မှု လုပ်ငန်းများမှ ဝန်ဆောင်ခအဖြစ်ရရှိသည့် ဝင်ငွေများအားယခုနှစ်ဧပြီ ၁ ရက်မှ စတင်၍လာမည့် ၂ဝ၁၇ ခုနှစ် မတ် ၃၁ ရက်အထိ အခွန်နှုန်းတွက်ချက်မည်ဖြစ်ပြီး ယင်းအသက်မွေးဝမ်းကျောင်း ပညာလုပ်ငန်းမှ ရရှိသောဝင် ငွေများအပေါ် အခွန်ငွေနှုန်းထားများ အပြီးသတ် စည်းကြပ်ကောက်ခံသွားမည်ဖြစ်ကြောင်း ပြည်တွင်းအခွန်များဦးစီးဌာနမှ သိရသည်။

ဝင်ငွေခွန်ထမ်းဆောင်ရာတွင် တစ်နှစ်လုံးရရှိသည့် ဝင်ငွေတစ်ကျပ်မှ ကျပ်သိန်း ၂ဝ အထိ သုညရာခိုင်နှုန်း၊ ၂ဝဝဝဝဝ၁ ကျပ်မှ ကျပ်သိန်း ၅ဝ အထိ ၅ ရာခိုင်နှုန်း၊ ၅ဝဝဝဝဝ၁ ကျပ် မှကျပ်သိန်း ၁ဝဝ အထိ ၁ဝ ရာခိုင်နှုန်း၊ ၁ဝဝဝဝဝဝ၁ ကျပ်မှကျပ်သိန်း ၂ဝဝ အထိ ၁၅ ရာခိုင်နှုန်း၊၂ဝဝဝဝဝဝ၁ ကျပ်မှ သိန်း ၃ဝဝ အထိ ၂ဝ ရာခိုင် နှုန်းနှင့် ၃ဝဝဝဝဝဝ၁ ကျပ်အထက်ကို ၂၅ ရာခိုင်နှုန်းအထိ ပေးဆောင်ရမည်ဖြစ်ကြောင်း သိရသည်။

ပြည်တွင်းအခွန်များဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမင်းထွဋ်က ”ကုန်သွယ်ခွန်ပေးဆောင်ရတာမှာ တစ်နှစ်တစ်ကြိမ် ပေးသွင်းရတာဖြစ်ပေမယ့် ဒီခေါင်းစဉ် အောက်က ဝင်ငွေခွန်ကသုံးလတစ် ကြိမ်ပေးသွင်းရပါတယ်။ အခွန်ငွေ နှုန်းထား တွေကတော့ ၂ဝ၁၆ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေရဲ့ ပုဒ်မ ၁၉ (က) အရအခွန် နှုန်းတွက်ချက်သွားမှာ ဖြစ်ပါတယ်။ အသက်မွေးဝမ်းကျောင်းပညာခေါင်းစဉ်မှ ဝင်ငွေခွန်ဆိုတာက အရင်ကတည်းက ကောက်ခံနေပါတယ်။ သတင်းစာထဲထည့်သွင်းပေးတယ်ဆိုတာက အခွန်ထမ်းပြည်သူတွေ အခွန်နှုန်းဘယ်လိုတွက်လဲဆိုတာကိုသိအောင်ဖော် ပြပေးတာဖြစ်ပါတယ်” ဟု ထပ်မံပြောသည်။

ဦးမင်းထွဋ်က” အတတ်ပညာ၊ အသိပညာကို အရင်းအနှီးပြုပြီး လုပ်ကိုင်ရတာဖြစ်တဲ့အတွက် လုပ်ငန်းသဘော သဘာဝကိုလိုက်ပြီး ခွင့်ပြုမယ့်စရိတ်တွေကလဲ ပြောင်းလဲမှုရှိနိုင်ပါတယ်။ ဆရာဝန်တစ်ဦးရဲ့စရိတ်နဲ့ ရှေ့နေတစ်ဦးရဲ့ စရိတ်ကမတူညီနိုင်ပါဘူး။ အသက်မွေးဝမ်းကျောင်း ပညာလုပ်ငန်းအားလုံးနဲ့ အကျုံးဝင်မယ့် စရိတ်တွေကို ပုံသေ သတ်မှတ်ပေးထားတာမျိုးမရှိပါဘူး။ အခွန်ပေးဆောင်တဲ့နေရာမှာလည်း သက်သာခွင့်တွေပေးထားပါတယ်”ဟုဆိုသည်။

အသက်မွေးဝမ်းကျောင်းပညာခေါင်းစဉ်မှ ဝင်ငွေခွန်ပေးဆောင်ရသူများမှာ မိမိကျွမ်းကျင်သည့်လုပ်ငန်းကို ဝန်ဆောင်ခ ရယူပြီး ဆောင်ရွက်ပေးနေသည့် ဝန်ဆောင်မှုလုပ်ငန်းများဖြစ်ပြီး ယင်းလုပ်ငန်းအမျိုးအစားများတွင် ပါဝင်သည့်ဆရာဝန်၊ သူနာပြု၊ ဆရာမ၊ ရှေ့နေ ၊ အင်ဂျင်နီယာ၊ ဗိသုကာပညာရှင်၊ စာရေးဆရာ၊ ပန်းချီဆရာ၊ ပန်းပုဆရာ၊ စာရင်းကိုင် နှင့် စာရင်းစစ်တို့သည် ဝန်ထမ်းအဖြစ် လုပ်ကိုင်ဆောင်ရွက်ခြင်းမရှိဘဲ ဝန်ဆောင်ခရယူလျက် ဆောင်ရွက် ပေးလျက်ရှိသည့် လုပ်ငန်းများပါဝင် ကြောင်းသိရသည်။

Democracytoday


Leave a Reply