ပရီးမီးယားလိဂ်တစ်လတာအကောင်းဆုံးကစားသမားဆုကို ရပ်ရှ်ဖို့ဒ် တစ်ရာသီအတွင်း (၃)ကြိမ်မြောက်ရရှိပြီး ဆာလာ၏စံချိန်အား လိုက်မီ

မန်ယူအသင်း၏ တိုက်စစ်မှူး ရပ်ရှ်ဖို့ဒ်သည် ဖေဖော်ဝါရီလအတွက် ပရီးမီးယားလိဂ်အကောင်းဆုံးကစားသမားဆု ရရှိခဲ့သည့်အတွက် တစ်ရာသီအတွင်း (၃) ကြိမ်မြောက်ရရှိပြီး လီဗာပူးလ်တိုက်စစ်ကစားသမား ဆာ လာ၏ စံချိန်အား လိုက်မီခဲ့သည်။

ရပ်ရှ်ဖို့ဒ်သည် ဖေဖော်ဝါရီလအတွင်း ယှဉ်ပြိုင်ကစားခဲ့သည့် ပရီးမီးယားလိဂ်(၄)ပွဲတွင် (၅)ဂိုးသွင်းယူကာ ခြေစွမ်းပြခဲ့သည့်အတွက် တစ်လတာ အကောင်းဆုံးကစားသမားဆု ရရှိခဲ့ခြင်းဖြစ်ပြီး ဆာလာ၏ တစ်ရာသီအတွင်း အများဆုံးရရှိသည့်စံချိန်ကို လိုက်မီခဲ့ခြင်းဖြစ်သည်။

ထို့ပြင် ၂၀၂၁ ဇန်နဝါရီနှင့် ဖေဖော်ဝါရီလများက တစ်လတာအကောင်းဆုံးဆုရရှိခဲ့သည့် မန်စီးတီးကွင်းလယ်လူ ဂွန်ဒိုဂန်နောက်ပိုင်း ယင်းဆုကို နှစ်လဆက် တိုက်ရရှိသည့် ပထမဆုံးကစားသမားလည်း ဖြစ်လာခဲ့သည်။

ရပ်ရှ်ဖို့ဒ်သည် ပရီးမီးယားလိဂ်တစ်လတာအကောင်း ဆုံးကစားသမားဆုကို စုစုပေါင်း (၄)ကြိမ်ရရှိထားပြီဖြစ်ပြီး ယင်းဆုကို အများဆုံးရရှိထားသူမှာ (၇)ကြိမ်စီ ရရှိထားသည့် အဂွဲရိုးနှင့် ဟာရီကိန်းတို့ဖြစ်ကြောင်း သိရသည်။

ပရီးမီးယားလိဂ်၏ ဖေဖော်ဝါရီလအတွက် အကောင်းဆုံးနည်းပြဆုကို တန်ဟက်ဂ်၊ ဂိုးသမားဆုကို ဒီဟေးယားနှင့် အကောင်းဆုံးသွင်းဂိုးဆုကို ဖူလ်ဟမ်တောင်ပံကစားသမား ဝီလီယံက နော်တင်ဟမ်နှင့်ပွဲမှ သွင်းဂိုးနှင့် ရရှိခဲ့သည်။