ဖို့ဒ်ကုမ္ပဏီက လျှပ်စစ်ကားဘက်ထရီစက်ရုံသစ် တည်ဆောက်မည်

ဖို့ဒ်မော်တာကားကုမ္ပဏီဟာ မီချီဂန်ပြည်နယ်မှာ လျှပ်စစ်ကားဘတ္ထရီစက်ရုံတစ်ခုကို အမေရိကန်ဒေါ်လာ ၃.၅ ဘီလီယံ အကုန်ကျခံပြီး တည်ဆောက်သွားမယ်လို့ တနင်္လာနေ့က ထုတ်ပြန်ပါတယ်။ ဒီစက်ရုံဟာရှိပြီးသား လျှပ်စစ်ကားတွေနဲ့ နောက်ထွက်မယ့် လျှပ်စစ်ကားအမျိုးအမျိုးအတွက် ကုန်ကျစရိတ်သက်သက်သာသာနဲ့ ဘတ္ထရီတွေကို ထုတ်လုပ်ပေးမှာဖြစ်ပြီး လူပေါင်း ၂၅၀၀ လောက်ကိုလည်း အလုပ်အကိုင်ပေးနိုင်မှာဖြစ်ပါတယ်။

စက်ရုံကို ဒက်ထရိုက်မြို့ အနောက်ဘက် ကီလိုမီတာ ၁၆၀ အကွာရှိ စက်မှုဖွံ့ဖြိုးရေးအတွက် ပြင်ဆင်ထားတဲ့ မြေပေါ်မှာ တည်ဆောက်မှာဖြစ်ပြီး လာမယ့် ၂၀၂၆ ခုနှစ်မှာ ဘတ္ထရီတွေ စတင်ထုတ်လုပ်မှာ ဖြစ်ပါတယ်။ လက်ရှိ လျှပ်စစ်ကားတွေမှာ အသုံးပြုနေတဲ့ နီကယ်-ကိုဘော့-မန်းဂနိးစ် ဘတ္ထရီတွေထက် ပိုမိုဈေးသက်သာတဲ့ လီသီယံ-သံ-ဖော့စဖိတ် ဘတ္ထရီတွေကို ထုတ်လုပ်မှာဖြစ်ပါတယ်။

စက်ရုံကထွက်မယ့် ဘတ္ထရီတွေဟာ တစ်နှစ်ကို ကားအစီးရေ ၄၀၀,၀၀၀ ထုတ်လုပ်နိုင်ဖို့ လုံလောက်တယ်လို့ ဖို့ဒ်မော်တော်ကား ကုမ္ပဏီက ပြောပါတယ်။ သုံးစွဲသူတွေအနေနဲ့ အကွာအဝေးနည်းနည်းအတွက် ကုန်ကျစရိတ် သက်သာတဲ့ဘတ္ထရီ (ဒါမှမဟုတ်) ငွေပိုမို သုံးစွဲကာ ခရီးရှည်အတွက် စွမ်အင်ပိုမိုသိုလှောင်နိုင်တဲ့ဘတ္ထရီ  ကြိုက်နှစ်သက်ရာကို ရွေးချယ်နိုင်မှာ ဖြစ်ပါတယ်။