ကလေးဝမြို့အား ဗဟိုပြု၍ အင်အားအနည်းငယ်ရှိ မြေငလျင်တစ်ခု ယနေ့နံနက်ပိုင်းအစောပိုင်းကလှုပ်ခတ်ခဲ့

စစ်ကိုင်းတိုင်း၊ကလေးဝမြို့အား ဗဟိုပြု၍ အင်အားအနည်းငယ်ရှိ မြေငလျင်တစ်ခု ဖေဖော်ဝါရီ ၁၃ ရက်(ယနေ့) နံနက်အစောပိုင်းက လှုပ်ခတ်ခဲ့သည်ဟု မြန်မာနိုင်ငံ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

ယနေ့နံနက်အစောပိုင်း ၅ နာရီ ၃၁ မိနစ် ၁၇ စက္ကန့်က ကလေးဝမြို့၏ အရှေ့ဘက် ၁၅ မိုင်ခန့်အကွာ မြောက်လတ္တီတွဒ် ၂၃ ဒသမ ၂၀ ဒီဂရီ၊အရှေ့ လောင်ဂျီတွဒ် ၉၄ ဒသမ ၅၄ ဒီဂရီ အနက် ၁၁၇ ကီလိုမီတာအား ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး ၄ ဒသမ ၁ အဆင့်ရှိ အင်အားအနည်းငယ်ရှိသည့် မြေငလျင်တစ်ခု လှုပ်ခတ်ခဲ့သည်ဟု မိုးဇလကထုတ်ပြန်ခဲ့သည်။

ဖေဖော်ဝါရီလအစပိုင်းအတွင်း မြန်မာနိုင်ငံ၌ မြေငလျင်လှုပ်ခတ်မှုများ ရက်အနည်းငယ်သာခြား၍ ဖြစ်ပွားလျက်ရှိရာ ဖေဖော်ဝါရီ ၁၁ ရက် နံနက် ၁၀ နာရီ ၅၅ မိနစ် ၇ စက္ကန့်ကလည်း နေပြည်တော်၊ဥ တ္တရသီရိမြို့အားဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး ၃ ဒသမ ၅ အဆင့်ရှိ အင်အားအနည်းငယ်ရှိသည့် မြေငလျင်တစ်ခုလှုပ်ခတ်ခဲ့သည်။

ထို့ပြင် ဖေဖော်ဝါရီ ၄ ရက်မွန်းလွဲ ၂ နာရီ ၄ မိနစ် ၄၄ စက္ကန့်က သပိတ်ကျင်းမြို့အား ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး ၄ ဒသမ ၆ အဆင့်ရှိ အင်အားအနည်းငယ်ရှိသည့် မြေငလျင်တစ်ခု လှုပ်ခတ်ခဲ့သည်။

ထို့အတူ ဖေဖော်ဝါရီ ၂ ရက်နံနက် ၇ နာရီ ၃၄ မိနစ် ၅၃ စက္ကန့်တွင်လည်း အမ်းမြို့အားဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး ၄ ဒသမ ၃ အဆင့်ရှိ အင်အားအနည်းငယ်ရှိသည့် မြေငလျင်တစ်ခု လှုပ်ခတ်ခဲ့ကြောင်း မိုးဇလ၏ထုတ်ပြန်ချက်များအရ သိရသည်။