ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ ဦးခင်ရီနှင့် ရမည်းသင်းခရိုင်အတွင်းမှ First Time Voter များ တွေ့ဆုံ

ဖေဖော်ဝါရီ ၁၀၊ ရမည်းသင်း

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီသည် ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၀ ရက်နေ့ နံနက် ၉ နာရီ ၃၀ မိနစ်အချိန်မှ နေ့လည် ၁၂ နာရီအချိန်ထိ ရမည်းသင်းမြို့နယ် သီလဝခန်းမတွင် ကျင်းပပြုလုပ်သည့် First Time Voter များနှင့်တွေ့ဆုံပွဲသို့ တက်ရောက်ပြီး နှုတ်ခွန်းဆက်အမှာစကားပြောကြားပါသည်။

ပြောကြားရာတွင် ” ပထမဦးဆုံးအကြိမ် မဲပေးကြရမည့် လူငယ်များအနေဖြင့် သိသင့်သိထိုက်သည့် မိမိတို့နိုင်ငံ၏ သမိုင်းကြောင်းနှင့် လက်ရှိအခြေအနေများ၊ လူငယ်များသတိထားသင့်သည့် မလိုသူတို့၏ သွေးထိုးလှုံ့ဆော်သည့် အကြောင်းများ၊ ၂၀၂၀ ခုနှစ် ရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုကိစ္စရပ်များ၊ မဲပေးရာတွင် စဉ်းစားဆုံးဖြတ်ရမည့် အချက်များ” အား ထည့်သွင်းပြောကြားခဲ့ပါသည်။

ထို့နောက် တက်ရောက်လာကြသည့် လူငယ်မောင်မယ်များမှ ၎င်းတို့သိရှိလိုသည့် ပြည်တွင်းပြည်ပ အလုပ်အကိုင်အခွင့်အလမ်းများ၊ ရွေးကောက်ပွဲတွင်အသုံးပြုမည့်စနစ်နှင့်ပတ်သက်သည့် အကြောင်းအရာများ၊ ဒေသဆိုင်ရာလိုအပ်ချက်များအား ဆွေးနွေးတင်ပြမေးမြန်းခဲ့ကြရာ ပါတီဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌများနှင့် အထွေထွေ အတွင်းရေးမှူးတို့မှ ပြန်လည်ဆွေးနွေးဖြေကြားခဲ့ပြီး ပါတီဥက္ကဋ္ဌက နိဂုံးချုပ်အမှာစကားပြောကြားရာ “လာမည့်အနာဂတ်တွင် နိုင်ငံ၏အခန်းကဏ္ဍကို ပိုမိုတောက်ပအောင် လူငယ်များလည်းပါဝင် ဆောင်ရွက်ကြရမှာ ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် လူငယ်များအနေဖြင့် အသိမှန်၊ အမြင်မှန်၊ အတွေးမှန်ဖို့လိုအပ်ပြီး ပညာဝမ်းစာပြည့်နေဖို့လိုကြောင်း၊ လူငယ်မောင်မယ်များ၏ တင်ပြချက်များ၊ လိုအပ်ချက်များကိုလည်း သေချာစွာမှတ်သားထားပြီ တတ်စွမ်းသရွေ့ ကူညီ​ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း” ပြောကြားခဲ့ပါသည်။

အဆိုပါတွေ့ဆုံပွဲအခမ်းအနားသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီနှင့်အတူ၊ ပါတီဒုတိယဥက္ကဋ္ဌ ဦးလှထွန်း၊ ဦးမျိုးဇော်သိန်း၊ အထွေထွေအတွင်းရေးမှူး ဦးသောင်းအေး၊ ဗဟိုအတွင်းရေးမှူး ဒေါက်တာဒေါ်စန်းစန်းနွယ်၊ ဗဟိုအလုပ်အမှူ​ဆောင် ဒေါက်တာအောင်မြတ်ဦး၊ ဦးအေးလွင်၊ ဒေါ်ခင်ရွှေမြင့်၊ ဒေါ်သိင်္ဂီဝင်းရွှေ၊ မန္တလေးတိုင်းဒေသကြီး ပါတီဥက္ကဋ္ဌ ဗဟိုအလုပ်အမှုဆောင် ဦးအောင်ကျော်မိုးနှင့် တိုင်းပါတီကော်မတီဝင်များ၊ ခရိုင်/မြို့နယ်ပါတီတာဝန်ရှိသူများ၊ First Time Voter လူငယ်မောင်မယ်များ စုစုပေါင်း (၂၂၅)ဦး တက်ရောက်ခဲ့ပါသည်။