ဒုတိယ ၂၁ ပင်လုံညီလာခံကို မေလ ၁၉ ရက်တွင် ကျင်းပရန် လျာထား

ဒုတိယအကြိမ် ကျင်းပမည့် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ – ၂၁ ရာစု ပင်လုံညီလာခံကို လာမည မေလ ၁၉ ရက်နေ့တွင် ကျင်းပရန် လျာထား သတ်မှတ်ထားကြောင်း ယင်းညီလာခံ ကျင်းပရေး တာဝန်ရှိသူ များထံမှ သိရသည်။

ယင်းသို့ မေလ ၁၉ ရက်နေ့ လျာထားသတ်မှတ်ရန် နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာနက အဆိုပြု ခဲ့ခြင်းဖြစ်ပြီး အဆိုပါ လျာထားသတ်မှတ်ချက်ကို လာမည့် ဧပြီလ ၂၄ ရက်နေ့တွင် နေပြည်တော်တွင် ကျင်းပပြုလုပ်မည့် NCA အကောင်အထည်ဖော်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေး JICM တွင် တရားဝင် ဆုံးဖြတ် သွားမည်ဖြစ်ကြောင်း NCA ထိုးထားသည့် ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO) နာယက ဗိုလ်မှူးကြီး ခွန်ဥက္ကာက The Voice သို့ ပြောကြားသည်။

“နိုင်ငံတော် အတိုင်ပင်ခံရုံးရဲ့ အဆိုပြုချက်ကို ကျွန်တော်တို့က ဖြစ်နိုင်ချေရှိတယ်ဆိုပြီးတော့ သဘောတူ ထားတာပါ။ တရားဝင်ဖြစ်ဖို့က JICM အစည်းအဝေးမှာ ဆုံးဖြတ်မှာပါ။ အဲဒီမှာ အတည်ပြုပြီးရင်တော့ စီစဉ် ထားတဲ့ရက်ကို လုပ်ရမှာပေါ့”ဟု ဗိုလ်မှူးကြီး ခွန်ဥက္ကာက ဆိုသည်။

မူလက ဒုတိယ ၂၁ ရာစု ပင်လုံညီလာခံကို မေလဆန်းပိုင်းတွင် ကျင်းပရန် လျာထားခဲ့သော်လည်း ယခုလ ကုန်ပိုင်း (ဧပြီလ) မှ စတင်၍ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ဥရောပနိုင်ငံများနှင့် တရုတ်နိုင်ငံ ခရီးစဉ်များနှင့် တိုက်ဆိုင်နေခြင်းဖြစ်သည်။

ဒုတိယအကြိမ် ကျင်းပမည့် ၂၁ ရာစု ပင်လုံညီလာခံ ကျင်းပမည့်ရက်ကို တရားဝင်သတ်မှတ်မည့် NCA အကောင်အထည်ဖော်မှုဆိုင်ရာ (JICM) တွင် အစိုးရကိုယ်စားလှယ် ရှစ်ဦးနှင့် NCA ထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် ရှစ်ဖွဲ့မှ ကိုယ်စားလှယ် ရှစ်ဦးတို့ ပါဝင်သည်။

ပထမအကြိမ် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ – ၂၁ ရာစု ပင်လုံညီလာခံကို ပြီးခဲ့သည့် ၂၀၁၆ ဩဂုတ်လ ၃၁ ရက်တွင် စတင် ကျင်းပခဲ့ခြင်းဖြစ်ပြီး ယင်းညီလာခံတွင် NCA မထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်များဖြင့် ဖွဲ့စည်းထားသည့် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ (UNFC) ခေါင်းဆောင်များလည်း တက်ရောက်ခဲ့သည်။

# The Voice