တင်းကျပ်သည့် COVID-19 ရောဂါထိန်းချုပ်ရေး စည်းမျဉ်းများအပေါ် ဆန္ဒပြမှုများဖြစ်ပွား ပြီးနောက် တရုတ် အာဏာပိုင် များက ကိုဗစ်ကင်းစင်ရေးမူဝါဒကို ဖြေလျှော့မည့်လက္ခဏာ ပြသလာ

လော့ဒေါင်းချမှုများ အဆုံးသတ်ရေးနှင့် နိုင်ငံရေးလွတ်လပ်ခွင့်များ ပိုမိုရရှိရေးအတွက် တောင်းဆိုဆန္ဒပြမှုများ တရုတ်နိုင်ငံ တစ်ဝန်းဖြစ်ပွားခဲ့ပြီးနောက် တရုတ်အာဏာပိုင်များက အလွန်တင်းကျပ်သည့် ဗိုင်းရပ်စ် ထိန်းချုပ်ရေး စည်းမျဉ်းများကို ဖြေလျှော့ဖွယ်ရှိသည့် လက္ခဏာကို ပြသလာခဲ့သည်ဟု သိရသည်။ တရုတ်တွင် သက်ရောက်မှု ကြီးမားသော လော့ဒေါင်းချမှုများ ပြုလုပ်ခြင်း၊ မကြာခဏ ဆေးစစ်ခြင်းနှင့် ရောဂါကူးစက်ခံရခြင်း မရှိသူများကိုပင် ကွာရန်တင်းဝင်စေသည့် ကိုဗစ်ကင်းစင်ရေး မူဝါဒအပေါ် မကျေနပ်ချက်များကြောင့် ပေကျင်း၊ ရှန်ဟိုင်းနှင့် ကွမ်ကျိုး အပါအဝင် တရုတ်မြို့ကြီးများ၌ ဆန္ဒပြမှုများ ပေါ်ပေါက်လာခဲ့သည်။

အာဏာပိုင်များက ယင်းကဲ့သို့ ဆန္ဒပြမှုများကို ထိန်းချုပ်လုပ်ဆောင်လျက်ရှိသော်လည်း အလွန်တင်းကျပ်သည့် ဗိုင်းရပ်စ်ထိန်းချုပ်ရေး မဟာဗျူဟာကို ဖြေလျှော့မည် လက္ခဏာများကိုလည်း အရိပ်အမြွက် ပြသလာခဲ့သည်။

အိုမီခရွန် ဗိုင်းရပ်စ်မျိုးကွဲသည် အားပျော့လာပြီဖြစ်ကာ ကာကွယ်ဆေးထိုးနှံမှုနှုန်းသည်လည်း တိုးတက်လာသည်ဟု တရုတ် ဒုတိယဝန်ကြီးချုပ် ဆွန်ချွင်းလန်က နိုဝင်ဘာ ၃၀ ရက်တွင် အမျိုးသားကျန်းမာရေးကော်မရှင်အား ပြောကြားခဲ့ကြောင်း နိုင်ငံပိုင် ဆင်ဟွာသတင်းဌာနက ဖော်ပြခဲ့သည်။ ဖြစ်ပေါ်လာသည့် အခြေအနေသစ်အရ လုပ်ဆောင်မှုအသစ်များကို လိုအပ်နေသည်ဟုလည်း ဆွန်က ပြောကြားသည်။ ၎င်းသည် တရုတ်အစိုးရ၏ ကပ်ရောဂါ တုံ့ပြန်ရေး အစီအမံများနောက်ကွယ်မှ အဓိက တာဝန်ယူ လုပ်ဆောင်နေသူလည်းဖြစ်သည်။

၎င်း၏မှတ်ချက်စကားတွင် ကိုဗစ်ကင်းစင်ရေး မူဝါဒဟူ၍ ထုတ်ဖော်ပြောဆိုခဲ့ခြင် မရှိသော်လည်းစီးပွားရေး ကဏ္ဍနှင့် နေ့စဉ် လူနေမှုဘဝအပေါ် သက်ရောက်မှုကြီးမားသည့် ကိုင်တွယ်ချဉ်းကပ်ပုံကို မကြာမီ ဖြေလျှော့သွားမည်ဟု ၎င်းက အရိပ်အမြွက်ပြောဆိုခဲ့သည်။ တရုတ်၌ နေ့အလိုက် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုများ စံချိန်တင်မြင့်တက် လာကာ မြို့အချို့၏ နေရာအများအပြားတွင် လော့ဒေါင်းချမှုနှင့် ရင်ဆိုင်နေရစဉ်အတွင်း သမ္မတ ရှီကျင်းပင် အာဏာရလာပြီးနောက်ပိုင်း လူထု၏ အကြီးမားဆုံး ဆန့်ကျင်အာခံမှုများ ဖြစ်ပွားလာခြင်းဖြစ်သည်။ တရုတ်လူဦးရေ ၏ အများစုကို ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခြင်းမှ ဟန့်တားကာကွယ်ရန် ရောဂါကူးစက်ပြန့်ပွားမှု မှန်သမျှကို အမြစ်ဖြတ်ထိန်းချုပ်ကာ တိုင်းပြည်နယ်နိမိတ်များ ကို တင်းတင်းကျပ်ကျပ် ပိတ်ပင်ထိန်းချုပ်သည့် ကိုဗစ်ကင်းစင် ရေး မူဝါဒကို အာဏာပိုင်များက တစ်စိုက်မတ်မတ် ကျင့်သုံးလျက်ရှိသည်။ နိုဝင်ဘာ ၂၉ ရက် ညပိုင်းက ဆန္ဒပြ သူများနှင့် ရဲတပ်ဖွဲ့ဝင်များအကြား ပဋိပက္ခဖြစ်ပွားခဲ့သည့် နိုင်ငံတောင်ပိုင်း ကုန်ထုတ်လုပ်မှု ဗဟိုချက်ဖြစ်သည့် ကွမ်ကျိုးမြို့တွင် သက်ကြီးရွယ်အိုများနှင့် ကလေးငယ်များ အပါအဝင် မကြာခဏ အပြင်ထွက်ရန် မလိုအပ်သူများ အနေဖြင့် နေ့စဉ်ဆေးစစ်မှုများ ခံယူရန် လိုအပ်တော့မည်မဟုတ်ဟု အာဏာပိုင်များက ကြေညာခဲ့သည်။ မကြာသေး မီက ဆန္ဒပြမှုများ ဖြစ်ပွားခဲ့သည့် ဟိုင်ကျူခရိုင်တွင်လည်း ဆေးစစ်မှုများကို အကန့်အသတ်ဖြင့်သာ ပြုလုပ်သွား မည်ဟု သိရသည်။