အင်ဒိုနီးရှားနိုင်ငံ၏ အနောက်ဂျာဗားကျွန်းတွင် ပြင်းအား ၅ ဒသမ ၆ ရှိ ငလျင်လှုပ်သဖြင့် သေဆုံးသူ အနည်းဆုံး ၄၆ ဦးအထိရှိလာပြီး လူ ၇၀၀ ကျော် ဒဏ်ရာရ

နိုဝင်ဘာ ၂၁ ရက်က အင်ဒိုနီးရှား၏ အဓိကကျွန်းဖြစ်သော ဂျာဗားကို ပြင်းအား ၅ ဒသမ ၆ ရှိ စောက်တိမ် ငလျင်လှုပ်သွားသောကြောင့် လက်ရှိအချိန်ထိ အနည်းဆုံးလူ ၄၆ ဦးသေဆုံးထားသည်ဟု ဒေသဆိုင်ရာတာဝန် ရှိသူတစ်ဦးက အေအက်ဖ်ပီသတင်းဌာနကို ပြောကြားသည်။ ငလျင်သည် အဆောက်အအုံများကို ပျက်စီးစေခဲ့ပြီး မြေပြိုမှုကို ဖြစ်ပေါ်စေခဲ့သည်ဟု ယင်းတာဝန်ရှိသူက ပြောကြားသည်။ လက်ရှိအချိန်ထိ ထိခိုက်ဒဏ်ရာရသူ အနည်းဆုံး ၇၀၀ ကျော်ရှိသည်ဟု သိရသည်။

သေဆုံးသူများကိုဆေးရုံတစ်ရုံတည်းတွင်သာ ရေတွက်ရသေးသည်ဟု မြေငလျင်အဆိုးရွားဆုံးလှုပ်ခဲ့ရာ အနောက် ဂျာဗား မြို့က အဆင့်မြင့်တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ အနောက်ဂျာဗားရှိ ကျေးရွာအများအပြားတွင် ကယ်ဆယ်ရေးလုပ်ပေးနေသည်ဟု ဆိုသည်။ “လူအများအပြားသေဆုံးပါတယ်။ အိမ်တွေလည်း ရာဂဏန်း၊ ထောင်ဂဏန်းလောက်ပျက်စီးပါတယ်။ လက်ရှိအချိိန်ထိ လူ ၄၆ ဦး သေဆုံးထားပါတယ်” ဟု အနောက်ဂျာဗားရှိ ဆီယန်ဂျားမြို့က ဒေသဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့အတွက် ပြောရေးဆိုခွင့်ရှိသူအဒမ်က အေအက်ဖ်ပီကို ပြောကြား သည်။

ထိခိုက်ဒဏ်ရာရသူအများစုမှာ အဆောက်အအုံအပျက်အစီးများကြားတွင်ပိတ်မိကြရာမှ ကျိုးပဲ့ဒဏ်ရာများ ရရှိခဲ့ကြ သည်ဟု သိရသည်။ အပျက်အစီးများ၏ အောက်တွင် ပိတ်မိနေသူများရှိနေသောကြောင့် သေဆုံးသူတိုးလာနိုင်သည် ဟု တာဝန်ရှိသူများက ပြောကြားသည်။ မြေငလျင်ပြင်းအားမှာ ၅ ဒသမ ၄ ရှိ သည်ဟု အမေရိကန်ဘူမိဗေဒ လေ့လာရေးဌာနက အစောပိုင်းတွင် ထုတ်ပြန်ခဲ့သည်။ အင်ဒိုနီးရှားမြို့တော်ဂျာကာတာတွင် လူများသည် အဆောက်အအုံများ၏ အပြင်ဘက်သို့ အလျင်အမြန်ပြေးထွက်ခဲ့ကြသည်။ ဂျာကာတာတွင် ကြီးကြီးမားမား ထိခိုက်ပျက်စီးမှု သို့မဟုတ် ထိခိုက်ဒဏ်ရာရမှုတို့နှင့် သက်ဆိုင်သော သတင်းများကို မကြားရသေးပေ။

ငလျင်ဗဟိုချက်နှင့် ကီလိုမီတာ ၁၀၀( မိုင်၆၀) ဝေးသော ဂျာကာတာတွင် အထပ်မြင့်အဆောက်အအုံများ တုန်ခါခ ဲ့သည်။ ငလျင်ဗဟိုပြုရာနေရာသည် အနောက်ဂျာဗားက ဆီယန်ဂျားမြို့ရှိ ကုန်းမြေပေါ်တွင်ဖြစ်၍ အနက် ကီလိုမီတာ ၁၀ (၆ ဒသမ၂၁ မိုင်)တွင် လှုပ်သွားခြင်းဖြစ်သည်ဟု ဆိုသည်။ ဆူနာမီသတိပေးချက် ထုတ်ပြန်ခြင်း မရှိဟု သိရသည်။ ဆီယန်ဂျားမြို့တွင် သေဆုံးသူ အနည်းဆုံး ၁၄ ဦးရှိကာ အဆောက်အအုံများ ပျက်စီးသွားသည်ဟု ဆိုသည်။ ငလျင်ဗဟိုပြုရာ နေရာအနီးတွင် နေထိုင်သူများအနေဖြင့် နောက်ဆက်တွဲငလျင်များကို သတိပြုရန် အင်ဒိုနီးရှားအာဏာပိုုင်များက သတိပေးထားသည်။

အင်ဒိုနီးရှားနိုင်ငံသည် ကမ္ဘာ့ကျောက်ချပ်လွှာကြီးများ ပွတ်တိုက်မိသည့် ပစိဖိတ်မီးတောင်ရပ်ဝန်းတွင် တည်ရှိသော ကြောင့် မကြာခဏမြေငလျင်လှုပ်ခြင်း၊ မီးတောင်ပေါက်ကွဲခြင်းတို့ ကြုံတွေ့ရသည်။ ၂၀၂၁ ခုနှစ် ဇန်နဝါရီလတွင် ဆူလာဝေဆီကျွန်းကို ပြင်းအား ၆ ဒသမ ၂ ရှိ ငလျင်လှုပ်ခဲ့ရာ လူ ၁၀၀ ကျော်သေဆုံးခဲ့ရပြီး လူထောင်ချီ အိုးအိမ်မဲ့ခဲ့သည်။