တောင်ကိုရီးယားကို ပစ်မှတ်ထားပြီး မြောက်ကိုရီးယား မစ်ဇိုင်းဒုံးစမ်းသပ်လေ့ကျင့်

ဂျပန်နိုင်ငံပေါ်ကနေ ဖြတ်ကျော်ပစ်ခတ်ခဲ့တဲ့ ပဲ့ထိန်းတပ် မြေပြင်ကမြေပြင် တာလတ်ပစ် မစ်ဇိုင်းဒုံး အပါအဝင် ပြီးခဲ့တဲ့ ရက်သတ္တပတ်တွေအတွင်း မြောက်ကိုရီးယားက မစ်ဇိုင်းဒုံးတွေ အဆက်မပြတ် စမ်းသပ်ပစ်ခတ်ခဲ့တာဟာ တောင်ကိုရီးယားရဲ့ မဟာဗျူဟာကျတဲ့ ပစ်မှတ်တွေကိုတိုက်ခိုက်တဲ့ သရုပ်ဖေါ်စစ်ရေးလေ့ကျင့်မှုရဲ့ တစိပ်တပိုင်း ဖြစ်တယ်လို့ တနင်္လာနေ့မှာ မြောက်ကိုရီးယား အစိုးရသတင်းဌာနကပြောဆိုလိုက်ပါတယ်။

ဒီစစ်ရေးလေ့ကျင့်မှုကို လူမြင်ကွင်းကနေ တလလောက်ပျောက်ကွယ်နေတဲ့ မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအွန်း ကညွှန်ကြားခဲ့တာလို့ မြောက်ကိုရီးယား အစိုးရပိုင် KCNA သတင်းဌာနက တနင်္လာနေ့က ကြေညာခဲ့ပါတယ်။

စက်တင်ဘာ ၂၅ ရက်ကနေ အောက်တိုဘာ ၉ ရက်အတွင်း ပဲ့ထိန်းဒုံးကျည် ၇ ကြိမ်စမ်းသပ်ပစ်ခတ်ခဲ့တာဟာ တနည်းအားဖြင့် နျူကလီယား လက်နက်ပစ်ခတ်မှုအတွက် စမ်းသပ်လေ့ကျင့်တာဖြစ်တယ်လို့ မြောက်ကိုရီးယား သတင်းဌာနက ကြေညာခဲ့ပါတယ်။ ဒါဟာ မြောက်ကိုရီးယားရဲ့ နျူကလီးယားနဲ့ ပြန်လည်တိုက်ခိုက်နိုင်တဲ့ စွမ်းရည်ကို ဖေါ်ပြတာဖြစ်ပြီး၊ မြောက်ကိုရီးယားရဲ့ ရန်သူတွေကို အလေးအနက် သတိပေးလိုက်တာ ဖြစ်တယ်လို့လည်း ပြောဆိုခဲ့ပါတယ်။

အမေရိကန်နဲ့ တောင်ကိုရီးယား စစ်ဘက်ဆိုင်ရာ တာဝန်ရှိသူတွေက KN 25 အဖြစ် သိရှိထားကြတဲ့ ဧရာမ မစ်ဇိုင်းဒုံးပစ်စင်ကို သုံးပြီး၊ တာတိုပစ် မစ်ဇိုင်းဒုံးတွေကို ဝေဟင်နဲ့ မြေပြင်ပစ်မှတ်တွေကို ပစ်ခတ်ခဲ့ကြောင်းလည်း ဓာတ်ပုံ အထောက်အထားတွေမှာ တွေ့ရပါတယ်။

ဒါဟာ မြောက်ကိုရီးယားရဲ့ နျူကလီးယား လက်နက် ပစ်ခတ်နိုင်စွမ်းနဲ့ အသင်ဖြစ်မှု အနေအထားကို ဖေါ်ပြထား ဖြစ်တယ်လို့ မြောက်ကိုရီးယားရဲ့ နျူကလီးယားတပ်ဖွဲ့ကလည်း ပြောဆိုကြောင်း မြောက်ကိုရီးယားအစိုးရ သတင်းဌာန KCNA ကပြောဆိုခဲ့ပါတယ်။

-Ref:VOA