ရုရှားနှင့် ခရိုင်းမီးယား ဆက်သွယ်ထားသော တံတား ဗုံးခွဲတိုက်ခိုက်ခံရခြင်းအတွက် သမ္မတဗလာဒီမာပူတင်က ယူကရိန်းကို အပြစ်တင်

ယူကရိန်းက မိမိနယ်မြေအတွင်း အနည်းဆုံးလူ ၁၃ ဦး သေဆုံးစေခဲ့သည့် နောက်ဆုံးဒုံးကျည်တိုက်ခိုက်မှုကို ပြစ်တင်ရှုတ်ချနေချိန် ခရိုင်းမီးယားနှင့် ရုရှားဆက်သွယ်ထားသော တံတားပေါ်တွင် ပြင်းထန်သော ဗုံးပေါက်ကွဲမှုဖြစ်ပွားခြင်းအတွက် အောက်တိုဘာ ၉ ရက်တွင် ရုရှားက ယူကရိန်းကို စွပ်စွဲခဲ့သည်။

“စာရေးဆရာတွေ၊ အပြစ်ကျူးလွန်သူတွေနဲ့ စပွန်ဆာတွေဟာ ယူကရိန်းထောက်လှမ်းရေးတွေဖြစ်ပါတယ်” ဟု အောက်တိုဘာ ၈ ရက်တွင် ခရိုင်းမီးယားတံတားဗုံးခွဲခံရမှုနှင့်ပတ်သက်၍ ရုရှားသမ္မတဗလာဒီမာပူတင်က ပြောကြားလိုက်ပြီး အဆိုပါလုပ်ရပ်မှာ အကြမ်းဖက်လုပ်ရပ်ဖြစ်သည်ဟု ဆိုသည်။

ဗုံးခွဲမှုကို စုံစမ်းစစ်ဆေးရန် ၎င်းဖွဲ့စည်းထားသော စုံစမ်းရေးကော်မတီ၏ အကြီးအအကဲနှင့် တွေ့ဆုံရာတွင် ပူတင်က အထက်ပါအတိုင်း ပြောကြားသည်ဟု ရုရှားသတင်းဌာနများက ဖော်ပြသည်။

ယူကရိန်းသမ္မတဗိုလိုဒီမာဇယ်လန်းစကီးက အောက်တိုဘာ ၉ ရက်တွင် ယူကရိန်းတောင်ပိုင်းမြို့ ဇာပိုရီရှားကို ရုရှားဒုံးကျည်တိုက်ခိုက်မှုအား ပြစ်တင်ရှုတ်ချခဲ့သည်။ အဆိုပါတိုက်ခိုက်မှုကြောင့် အနည်းဆုံး ၁၃ ဦး သေဆုံးခဲ့သည်။ သေဆုံးသူများထဲတွင် ကလေးတစ်ဦးပါဝင်သည်။ တိုက်ခိုက်မှုကြောင့် လူ ၈၉ ဦးဒဏ်ရာရခဲ့ပြီး ဒဏ်ရာရခဲ့သူများတွင် ကလေး ၁၁ ဦး ပါဝင်သည်ဟု ယူကရိန်းသမ္မတရုံး၏ ထုတ်ပြန်ချက်အရ သိရသည်။

ငြိမ်းချမ်းနေသော ပြည်သူများနှင့် လူနေအဆောက်အအုံများကို အညှာတာမဲ့တိုက်ခိုက်မှုများမှာ ရိုင်းစိုင်းသူများနှင့် အကြမ်းဖက်သမားများက ကျူးလွန်သော ပကတိအနိဋ္ဌာရုံဟု ဇယ်လန်းစကီးက ပြောကြားခဲ့သည်။

ဒေသဆိုင်ရာတာဝန်ရှိသူ တစ်ဦးဖြစ်သည့် အိုလက်ဇန်ဒါစတားရပ်က ဆိုးဆိုးရွားရွားပျက်စီးနေသော  လူနေ တိုက်တန်းလျားများ၏ပုံများကို Telegram တွင် တင်ခဲ့ပြီး အပျက်အစီးများအောက်တွင် ဒုက္ခရောက်နေသူများ ကို ရှာဖွေရန် ကယ်ဆယ်ရေးလုပ်နေသည်ဟု ဖော်ပြခဲ့သည်။ မိမိတို့ နယ်မြေအတွင်း ယူကရိန်း၏တိုက်ခိုက်မှုများ မြင့်တက်လာခြင်းကို အောက်တိုဘာ ၉ ရက်တွင် ရုရှားတာဝန်ရှိသူများက ရှုတ်ချခဲ့ပြီး နေအိမ်များ၊ အစိုးရ အဆောက်အအုံများနှင့် ဘုန်ကြီးကျောင်း တစ်ကျောင်းတို့ကို ထိမှန်ခဲ့သည်ဟု ဆိုသည်။

နယ်စပ်လုံခြုံရေးကို တာဝန်ယူထားသည့် ပြည်ထောင်စုလုံခြုံရေးဌာန (FBS) က အောက်တိုဘာ ၉ ရက်တွင် ထုတ်ပြန်ခဲ့သော ထုတ်ပြန်ချက်၌ ရုရှားနယ်စပ်ဒေသများကို ယူကရိန်း၏တိုက်ခိုက်မှုများ သိသိသာသာ များပြား လာခဲ့သည်ဟု ဖော်ပြခဲ့သည်။

အနောက်ဘက်နယ်စပ်ဒေသများဖြစ်သော ဘယ်ဂိုရော့၊ ဘရိုင်းယန့်နှင့် ကာ့စ်တို့ အဓိကထားသော လက်နက်ကြီး တိုက်ခိုက်မှု တစ်ရာကျော်လုပ်ဆောင်ခဲ့ခြင်းက အိမ်များ၊ အစိုးရအဆောက်အအုံများကို ထိမှန်စေခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ယင်းတိုက်ခိုက်မှုများကြောင့် လူတစ်ဦးသေဆုံးခဲ့ရပြီး ကလေးတစ်ဦး အပါအဝင် လူငါးဦးဒဏ်ရာရခဲ့သည်ဟု ဆိုသည်။

ယူကရိန်းတိုက်ခိုက်မှုအတွင်း နယ်စပ်ရှိ ဂါနာစကီးစိန့်နီကိုလပ်စ်ဘုန်းကြီးကျောင်းကို ထိမှန်ခဲ့သည်ဟု ကာ့စ်ဒေသ အုပ်ချုပ်ရေးမှူး ရိုမန်စတာရိုဗိုက်က ပြောကြားသည်။  Eleven